2. ယောဟန်၏အစ်ကိုယာကုပ်ကို ဓားဖြင့်ကွပ်မျက်လေ၏။
3. ထိုအမှုကို ဂျူးလူမျိုးတို့ နှစ်သက်ကြကြောင်းတွေ့မြင်လျှင် တစ်ဖန် ထပ်၍ ပေတရုကိုလည်းဖမ်းဆီးရန် စီစဉ်လေ၏။ ထိုအချိန်သည် တဆေးမဲ့မုန့်ပွဲတော်အချိန်ဖြစ်၏။
4. ဟေရုဒ်မင်းသည် ပေတရုကိုဖမ်းဆီး၍ထောင်ထဲ၌ထည့်ထားပြီးလျှင် သူ့ကိုစောင့်ကြပ်ရန် စစ်သားလေးဦးဖြင့်ဖွဲ့ထားသော တပ်ဖွဲ့လေးဖွဲ့ထံသို့ အပ်နှံထား၏။ သူသည် ပသခါပွဲတော်လွန်လျှင် ပေတရုကို လူထုရှေ့တွင်ထုတ်ဆောင်ရန် ကြံရွယ်ထားလေ၏။
5. ဤသို့ဖြင့် ပေတရုသည် ထောင်ထဲ၌ ထိန်းသိမ်းထားခြင်းခံရ၏။ သို့ရာတွင် အသင်းတော်သည် သူ့အတွက် ဘုရားသခင်ထံသို့ စိတ်အားထက်သန်စွာဆုတောင်းလျက်နေ၏။
6. ဟေရုဒ်မင်းသည် ပေတရုကိုထုတ်ဆောင်ရန် ကြံရွယ်ထားသည့်နေ့မတိုင်မီည၌ ပေတရုသည် သံကြိုးနှစ်ချောင်းဖြင့်ချည်နှောင်ခြင်းခံရလျက် စစ်သားနှစ်ဦးကြားတွင် အိပ်ပျော်နေ၏။ အစောင့်များသည်လည်း တံခါးရှေ့တွင် ထောင်ကိုစောင့်ကြပ်နေကြ၏။
7. ထိုစဉ် ထာဝရဘုရား၏ကောင်းကင်တမန်သည် ရုတ်တရက်ပေါ်လာသဖြင့် ထောင်ခန်းထဲ၌ အလင်းရောင်ထွန်းလင်းလေ၏။ ကောင်းကင်တမန်သည် ပေတရု၏နံဘေးကိုပုတ်လျက် သူ့ကိုနှိုးကာ “မြန်မြန်ထလော့”ဟု ဆိုလေ၏။ ထိုအခါ သံကြိုးများသည် သူ၏လက်မှ ကျွတ်ကျသွားလေ၏။
8. ထို့နောက် ကောင်းကင်တမန်က “ခါးပန်းစည်း၍ သင့်ဖိနပ်ကိုစီးလော့”ဟု ဆိုသဖြင့် သူသည် ထိုအတိုင်းပြုလေ၏။ တစ်ဖန် “သင်၏ဝတ်ရုံကိုခြုံ၍ ငါ့နောက်သို့လိုက်လော့”ဟု ဆိုလေရာ
9. ပေတရုသည် ထွက်၍ လိုက်သွားလေ၏။ သို့သော် ကောင်းကင်တမန်အားဖြင့် ဖြစ်ပျက်နေသောအရာသည် အမှန်ဖြစ်ကြောင်းမသိဘဲ ရူပါရုံကိုမြင်နေရသည်ဟူ၍သာ သူထင်မှတ်နေ၏။
10. သူတို့သည် အစောင့်ချရာပထမနေရာနှင့်ဒုတိယနေရာတို့ကို ဖြတ်သွားပြီးလျှင် မြို့သို့သွားသည့်သံတံခါးသို့ ရောက်လာကြ၏။ ထိုတံခါးသည်လည်း သူတို့အတွက် အလိုအလျောက်ပွင့်သဖြင့် သူတို့သည်ထွက်၍ လမ်းကြားတစ်ခုအတိုင်း ဆက်သွားကြစဉ် ကောင်းကင်တမန်သည် ပေတရုထံမှ ချက်ချင်းထွက်ခွာသွားလေ၏။