17. ပေတရုသည် တိတ်ဆိတ်ကြရန် သူတို့ကို လက်ရိပ်ပြလျက် သခင်ဘုရားသည် မိမိအား ထောင်ထဲမှ မည်ကဲ့သို့ ထုတ်ဆောင်လာခဲ့သည်ကို သူတို့အား ပြောပြ၏။ ထို့နောက် “ဤအကြောင်းအရာများကို ယာကုပ်နှင့်ညီအစ်ကိုတို့အား ပြောပြကြလော့”ဟု ဆိုပြီးလျှင် အခြားအရပ်သို့ ထွက်ခွာသွားလေ၏။
18. မိုးလင်းသောအခါ ပေတရုမည်သို့ဖြစ်သွားသနည်းဟု စစ်သားများအကြားတွင် အကြီးအကျယ်ရုတ်ရုတ်သဲသဲဖြစ်လေ၏။
19. ဟေရုဒ်မင်းသည် ပေတရုကို ကြိုးစားရှာဖွေသော်လည်း မတွေ့သဖြင့် အစောင့်တို့ကိုစစ်ဆေး၍ သေဒဏ်ပေးရန် အမိန့်ချလေ၏။ ထို့နောက် ယုဒပြည်မှ ဆီဇာရီးယားမြို့သို့ ဆင်းသွား၍ ထိုမြို့၌နေလေ၏။
20. ဟေရုဒ်မင်းသည် တိုင်ရာမြို့သားနှင့်ဆီဒုန်မြို့သားတို့အပေါ် ပြင်းစွာဒေါသထွက်သဖြင့် သူတို့သည် မင်းကြီးထံသို့ တစ်စုတစ်ဝေးတည်းလာကြ၍ မင်းကြီး၏အတွင်းဝန်ဗလတ္တုကိုစည်းရုံးကာ ငြိမ်းချမ်းမှုရရှိရန်အတွက် တောင်းပန်ကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့ပြည်သည် မင်းကြီး၏ပြည်မှ အစားအစာကိုရရှိသောကြောင့်ဖြစ်၏။
21. ဟေရုဒ်မင်းသည် ချိန်းဆိုထားသောနေ့၌ မင်းဝတ်တန်ဆာများကိုဝတ်ဆင်လျက် ပလ္လင်တော်ပေါ်တွင်ထိုင်ကာ ထိုသူတို့အား မိန့်ခွန်းမြွက်ကြားလေ၏။