တ​မန်​တော်​ဝတ္ထု 12:16-25 Myanmar Standard Bible (MSB)

16. သို့​ရာ​တွင် ပေ​တ​ရု​သည် တံ​ခါး​ကို ဆက်​၍​ခေါက်​နေ​သ​ဖြင့် သူ​တို့​သည် တံ​ခါး​ကို​ဖွင့်​လိုက်​သော​အ​ခါ ပေ​တ​ရု​ကို​မြင်​၍ အံ့​ဩ​ငေး​မော​ကြ​၏။

17. ပေ​တ​ရု​သည် တိတ်​ဆိတ်​ကြ​ရန် သူ​တို့​ကို လက်​ရိပ်​ပြ​လျက် သ​ခင်​ဘု​ရား​သည် မိ​မိ​အား ထောင်​ထဲ​မှ မည်​ကဲ့​သို့ ထုတ်​ဆောင်​လာ​ခဲ့​သည်​ကို သူ​တို့​အား ပြော​ပြ​၏။ ထို့​နောက် “ဤ​အ​ကြောင်း​အ​ရာ​များ​ကို ယာ​ကုပ်​နှင့်​ညီ​အစ်​ကို​တို့​အား ပြော​ပြ​ကြ​လော့”​ဟု ဆို​ပြီး​လျှင် အ​ခြား​အ​ရပ်​သို့ ထွက်​ခွာ​သွား​လေ​၏။

18. မိုး​လင်း​သော​အ​ခါ ပေ​တ​ရု​မည်​သို့​ဖြစ်​သွား​သ​နည်း​ဟု စစ်​သား​များ​အ​ကြား​တွင် အ​ကြီး​အ​ကျယ်​ရုတ်​ရုတ်​သဲ​သဲ​ဖြစ်​လေ​၏။

19. ဟေ​ရုဒ်​မင်း​သည် ပေ​တ​ရု​ကို ကြိုး​စား​ရှာ​ဖွေ​သော်​လည်း မ​တွေ့​သ​ဖြင့် အ​စောင့်​တို့​ကို​စစ်​ဆေး​၍ သေ​ဒဏ်​ပေး​ရန် အ​မိန့်​ချ​လေ​၏။ ထို့​နောက် ယု​ဒ​ပြည်​မှ ဆီ​ဇာ​ရီး​ယား​မြို့​သို့ ဆင်း​သွား​၍ ထို​မြို့​၌​နေ​လေ​၏။

20. ဟေ​ရုဒ်​မင်း​သည် တိုင်​ရာ​မြို့​သား​နှင့်​ဆီ​ဒုန်​မြို့​သား​တို့​အ​ပေါ် ပြင်း​စွာ​ဒေါ​သ​ထွက်​သ​ဖြင့် သူ​တို့​သည် မင်း​ကြီး​ထံ​သို့ တစ်​စု​တစ်​ဝေး​တည်း​လာ​ကြ​၍ မင်း​ကြီး​၏​အ​တွင်း​ဝန်​ဗ​လတ္တု​ကို​စည်း​ရုံး​ကာ ငြိမ်း​ချမ်း​မှု​ရ​ရှိ​ရန်​အ​တွက် တောင်း​ပန်​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် သူ​တို့​ပြည်​သည် မင်း​ကြီး​၏​ပြည်​မှ အ​စား​အ​စာ​ကို​ရ​ရှိ​သော​ကြောင့်​ဖြစ်​၏။

21. ဟေ​ရုဒ်​မင်း​သည် ချိန်း​ဆို​ထား​သော​နေ့​၌ မင်း​ဝတ်​တန်​ဆာ​များ​ကို​ဝတ်​ဆင်​လျက် ပလ္လင်​တော်​ပေါ်​တွင်​ထိုင်​ကာ ထို​သူ​တို့​အား မိန့်​ခွန်း​မြွက်​ကြား​လေ​၏။

22. လူ​စု​လူ​ဝေး​က​လည်း “ဤ​အ​သံ​သည် လူ​၏​အ​သံ​မ​ဟုတ်။ ဘု​ရား​သ​ခင်​၏​အ​သံ​ဖြစ်​၏”​ဟု ကြွေး​ကြော်​ကြ​၏။

23. မင်း​ကြီး​သည် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​မ​ချီး​မွမ်း​သော​ကြောင့် ထို​ခ​ဏ​ချင်း​တွင် ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် သူ့​ကို ဒဏ်​ခတ်​သ​ဖြင့် သူ​သည် ပိုး​စား​ခံ​ရ​၍ အ​နိစ္စ​ရောက်​လေ​၏။

24. ထို​အ​ခါ ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား​သည်​ပျံ့​နှံ့​လျက် တိုး​ပွား​လေ​၏။

25. ဗာ​န​ဗ​နှင့်​ရှော​လု​တို့​သည် ထောက်​ပံ့​ခြင်း​အ​မှု​ကို ပြီး​စီး​အောင်​ဆောင်​ရွက်​ပြီး​နောက် မာ​ကု​ဟု​ခေါ်​သော​ယော​ဟန်​ကို မိ​မိ​တို့​နှင့်​အ​တူ​ခေါ်​ဆောင်​၍ ဂျေ​ရု​ဆ​လင်​မြို့​မှ ပြန်​လာ​ကြ​၏။

တ​မန်​တော်​ဝတ္ထု 12