12. သူသည် ဤသို့သိရှိပြီးနောက် မာကုဟုခေါ်သောယောဟန်၏မိခင်မာရိအိမ်သို့သွားလေ၏။ ထိုအိမ်တွင် လူများစွာစုဝေးလျက် ဆုတောင်းနေကြ၏။
13. ပေတရုသည် အိမ်အဝင်တံခါးကိုခေါက်ရာ ရောဒေအမည်ရှိ အစေခံမိန်းမသည် မေးမြန်းရန်လာ၍
14. ပေတရု၏အသံကိုမှတ်မိသောအခါ ဝမ်းမြောက်သောကြောင့် တံခါးကိုမဖွင့်ဘဲ အထဲသို့ပြေးဝင်ကာ တံခါးဝ၌ ပေတရုရပ်နေသည်ဟု ပြောကြားလေ၏။
15. လူတို့ကလည်း “သင်သည် ရူးသွပ်နေပြီ”ဟု သူ့အား ဆိုကြ၏။ သို့သော် သူသည် မိမိပြောသည့်အတိုင်း အမှန်ဖြစ်ကြောင်း အခိုင်အမာပြောဆိုသောအခါ သူတို့က “ပေတရု၏ကောင်းကင်တမန်ဖြစ်လိမ့်မည်”ဟု ဆိုကြ၏။
16. သို့ရာတွင် ပေတရုသည် တံခါးကို ဆက်၍ခေါက်နေသဖြင့် သူတို့သည် တံခါးကိုဖွင့်လိုက်သောအခါ ပေတရုကိုမြင်၍ အံ့ဩငေးမောကြ၏။
17. ပေတရုသည် တိတ်ဆိတ်ကြရန် သူတို့ကို လက်ရိပ်ပြလျက် သခင်ဘုရားသည် မိမိအား ထောင်ထဲမှ မည်ကဲ့သို့ ထုတ်ဆောင်လာခဲ့သည်ကို သူတို့အား ပြောပြ၏။ ထို့နောက် “ဤအကြောင်းအရာများကို ယာကုပ်နှင့်ညီအစ်ကိုတို့အား ပြောပြကြလော့”ဟု ဆိုပြီးလျှင် အခြားအရပ်သို့ ထွက်ခွာသွားလေ၏။
18. မိုးလင်းသောအခါ ပေတရုမည်သို့ဖြစ်သွားသနည်းဟု စစ်သားများအကြားတွင် အကြီးအကျယ်ရုတ်ရုတ်သဲသဲဖြစ်လေ၏။
19. ဟေရုဒ်မင်းသည် ပေတရုကို ကြိုးစားရှာဖွေသော်လည်း မတွေ့သဖြင့် အစောင့်တို့ကိုစစ်ဆေး၍ သေဒဏ်ပေးရန် အမိန့်ချလေ၏။ ထို့နောက် ယုဒပြည်မှ ဆီဇာရီးယားမြို့သို့ ဆင်းသွား၍ ထိုမြို့၌နေလေ၏။
20. ဟေရုဒ်မင်းသည် တိုင်ရာမြို့သားနှင့်ဆီဒုန်မြို့သားတို့အပေါ် ပြင်းစွာဒေါသထွက်သဖြင့် သူတို့သည် မင်းကြီးထံသို့ တစ်စုတစ်ဝေးတည်းလာကြ၍ မင်းကြီး၏အတွင်းဝန်ဗလတ္တုကိုစည်းရုံးကာ ငြိမ်းချမ်းမှုရရှိရန်အတွက် တောင်းပန်ကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့ပြည်သည် မင်းကြီး၏ပြည်မှ အစားအစာကိုရရှိသောကြောင့်ဖြစ်၏။