4. ထိုအခါ ပေတရုသည် ထိုအကြောင်းအရာကို သူတို့အား အစဉ်လိုက်ရှင်းပြကာ
5. “ငါသည် ယုပ္ပေမြို့၌ ဆုတောင်းလျက်နေစဉ် အာရုံမှုန်ဝါးတွေဝေ၍ ရူပါရုံတစ်ခုကိုမြင်ရ၏။ ထောင့်လေးခုမှထိန်းထားပြီး ကောင်းကင်မှလျှောကျလာသည့် ရွက်ထည်စကြီးနှင့်တူသောအရာတစ်ခုသည် နိမ့်ဆင်းလာ၍ ငါ့ထံသို့ရောက်လာ၏။
6. ငါသည် ထိုအရာထဲသို့ စူးစိုက်၍စေ့စေ့ကြည့်လိုက်ရာ မြေကြီးပေါ်ရှိခြေလေးချောင်းသတ္တဝါများ၊ သားရဲတိရစ္ဆာန်များ၊ တွားသွားသတ္တဝါများနှင့် မိုးကောင်းကင်ငှက်တို့ကို မြင်ရ၏။
7. ထို့နောက် ‘ပေတရု၊ ထ၍သတ်စားလော့’ဟု ငါ့အားပြောသောအသံကိုလည်း ငါကြားရ၏။
8. သို့သော် ငါက ‘မဖြစ်နိုင်ပါ သခင်ဘုရား၊ အကြောင်းမူကား မစင်ကြယ်သောအရာ သို့မဟုတ် ညစ်ညူးသောအရာသည် အကျွန်ုပ်ခံတွင်းထဲသို့ မဝင်ဖူးပါ’ဟု လျှောက်၏။
9. ထိုအခါ ဒုတိယအကြိမ်ကောင်းကင်မှ အသံထွက်ပေါ်လာ၍ ‘ဘုရားသခင်စင်ကြယ်စေသည့်အရာကို ညစ်ညူးသည်ဟု သင်မဆိုနှင့်’ဟု ဆိုလေ၏။
10. ဤသို့ သုံးကြိမ်တိုင်တိုင်ဖြစ်ပြီးနောက် ထိုအရာအားလုံးသည် ကောင်းကင်သို့ ပြန်လည်ရုတ်သိမ်းခြင်းခံရ၏။
11. ထိုခဏချင်းတွင် ဆီဇာရီးယားမြို့မှ ငါ့ထံသို့စေလွှတ်လိုက်သည့် လူသုံးဦးတို့သည် ငါရှိနေသောအိမ်သို့ ရောက်လာကြ၏။
12. ထိုအခါ သန့်ရှင်းသောဝိညာဉ်တော်က ‘သံသယမရှိဘဲ သူတို့နှင့်အတူလိုက်သွားလော့’ဟု ငါ့အား မိန့်တော်မူ၏။ ဤညီအစ်ကိုခြောက်ဦးတို့သည်လည်း ငါနှင့်အတူလိုက်သွား၍ ငါတို့သည် ထိုသူ၏အိမ်သို့ဝင်ကြ၏။
13. ထိုသူက ကောင်းကင်တမန်သည် သူ့အိမ်ထဲ၌ရပ်လျက် ‘ယုပ္ပေမြို့သို့ လူလွှတ်၍ ပေတရုဟုခေါ်သောရှိမုန်ကို ခေါ်ဖိတ်လော့။
14. သူသည် သင်နှင့် သင်၏မိသားစုအားလုံး ကယ်တင်ခြင်းရရှိစေမည့်တရားစကားကို သင့်အား ဟောပြောလိမ့်မည်’ဟု မြွက်ဆိုသည်ကို သူမြင်ရကြောင်း ငါတို့အား ပြောပြခဲ့၏။
15. ထို့နောက် ငါစတင်ဟောပြောလေရာ သန့်ရှင်းသောဝိညာဉ်တော်သည် အစအဦးက ငါတို့အပေါ်သို့သက်ရောက်သကဲ့သို့ ထိုသူတို့အပေါ်သို့လည်း သက်ရောက်တော်မူ၏။
16. ထိုအခါ ‘ယောဟန်သည် ရေ၌ဗတ္တိဇံပေး၏။ သင်တို့မူကား သန့်ရှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံခံကြရလိမ့်မည်’ဟု သခင်ဘုရားမိန့်တော်မူသောစကားကို ငါသတိရ၏။
17. ဤသို့ဖြင့် ဘုရားသခင်သည် သခင်ယေရှုခရစ်တော်ကိုယုံကြည်သောငါတို့အား ပေးတော်မူသကဲ့သို့ ထိုသူတို့ကိုလည်း တူညီသောကောင်းချီးလက်ဆောင်ကို ပေးတော်မူလျှင် ငါသည် မည်သို့သောသူဖြစ်၍ ဘုရားသခင်ကို တားဆီးနိုင်မည်နည်း”ဟု ဆိုလေ၏။