18. သူတို့သည် ထိုစကားကိုကြားသောအခါ တိတ်ဆိတ်သွားကြ၏။ ထို့နောက် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းလျက် “သို့ဖြစ်လျှင် ဘုရားသခင်သည် အသက်ရှင်ခြင်းသို့ရောက်စေသည့်နောင်တတရားကို လူမျိုးခြားတို့အားလည်း ပေးတော်မူပြီ”ဟု ဆိုကြ၏။
19. သတေဖန်နှင့်ဆက်စပ်၍ ဖြစ်ပေါ်လာသည့်နှိပ်စက်ခြင်းကြောင့် ကွဲလွင့်သွားကြသောသူတို့သည် ဖိုနီးရှားနယ်မှစ၍ ဆိုက်ပရပ်ကျွန်းနှင့် အန္တိအုတ်မြို့အထိ ရောက်သွားကြ၏။ သူတို့သည် ဂျူးလူမျိုးတို့မှတစ်ပါး မည်သူ့ကိုမျှ နှုတ်ကပတ်တရားကိုမဟောပြောကြချေ။
20. သို့သော် ထိုသူတို့တွင် ဆိုက်ပရပ်ကျွန်းနှင့်ကုရေနေမြို့မှ လူအချို့တို့ပါ၍ သူတို့သည် အန္တိအုတ်မြို့သို့သွားပြီးလျှင် ဂရိစကားပြောသောသူတို့အားလည်း ဟောပြောကာ သခင်ယေရှုအကြောင်းကို ပြောကြားကြ၏။
21. သခင်ဘုရား၏လက်တော်သည်လည်း သူတို့နှင့်အတူရှိသဖြင့် များစွာသောသူတို့သည်ယုံကြည်၍ သခင်ဘုရားထံသို့ပြောင်းလဲလာကြ၏။
22. ထိုသူတို့နှင့်ပတ်သက်သည့်သတင်းကို ဂျေရုဆလင်မြို့၌ရှိသော အသင်းတော်သည်ကြားလျှင် ဗာနဗကို အန္တိအုတ်မြို့အထိသွားရန် စေလွှတ်လေ၏။
23. ဗာနဗသည် ရောက်လာ၍ ဘုရားသခင်၏ကျေးဇူးတော်ကိုမြင်သောအခါ ဝမ်းမြောက်လျက် ထိုသူအပေါင်းတို့အား စိတ်နှလုံးခိုင်မြဲစွာဖြင့် သခင်ဘုရား၌ ဆက်လက်တည်နေကြရန် တိုက်တွန်းနှိုးဆော်လေ၏။
24. အကြောင်းမူကား သူသည် သူတော်ကောင်းဖြစ်၍ သန့်ရှင်းသောဝိညာဉ်တော်နှင့်လည်းကောင်း၊ ယုံကြည်ခြင်းနှင့်လည်းကောင်း ပြည့်ဝသောသူဖြစ်၏။ ထိုအခါ များစွာသောလူတို့သည် သခင်ဘုရားထံသို့ ပြောင်းလဲလာကြ၏။
25. ထို့နောက် ဗာနဗသည် ရှောလုကိုရှာရန် တာရှုမြို့သို့ထွက်သွား၍
26. သူ့ကိုတွေ့လျှင် အန္တိအုတ်မြို့သို့ခေါ်လာ၏။ သူတို့သည် တစ်နှစ်ပတ်လုံး အသင်းတော်၌စုဝေးလျက် များစွာသောလူတို့ကို သွန်သင်ကြ၏။ တပည့်တော်တို့သည် ထိုအန္တိအုတ်မြို့၌ “ခရစ်ယာန်”ဟု ပထမဦးဆုံးခေါ်ဝေါ်ခြင်းခံရကြ၏။
27. ထိုနေ့ရက်များ၌ ပရောဖက်တို့သည် ဂျေရုဆလင်မြို့မှ အန္တိအုတ်မြို့သို့ ဆင်းလာကြ၏။
28. ထိုသူတို့အထဲမှ အာဂဗုအမည်ရှိသူတစ်ဦးသည် ထ၍ ကမ္ဘာတစ်ဝန်းလုံး၌ ကြီးစွာသောငတ်မွတ်ခေါင်းပါးခြင်းဘေး ကျရောက်တော့မည်ဟု ဝိညာဉ်တော်အားဖြင့် ကြိုတင်ဟောပြော၏။ ထိုဘေးသည် ကလောဒိမင်း၏လက်ထက်တွင် ဖြစ်ပေါ်ခဲ့၏။
29. ထိုအခါ တပည့်တော်တို့သည် အသီးသီးတတ်နိုင်သည့်အတိုင်း ယုဒပြည်၌နေထိုင်ကြသော ညီအစ်ကိုတို့အား အထောက်အပံ့ပို့ပေးရန် ဆုံးဖြတ်ကြ၏။
30. သူတို့သည် ထိုအတိုင်းပြုလျက် ၎င်းကို ဗာနဗနှင့်ရှောလုတို့၏လက်မှတစ်ဆင့် အသင်းတော်အကြီးအကဲများထံသို့ ပေးပို့ကြ၏။