16. ထိုအခါ ‘ယောဟန်သည် ရေ၌ဗတ္တိဇံပေး၏။ သင်တို့မူကား သန့်ရှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံခံကြရလိမ့်မည်’ဟု သခင်ဘုရားမိန့်တော်မူသောစကားကို ငါသတိရ၏။
17. ဤသို့ဖြင့် ဘုရားသခင်သည် သခင်ယေရှုခရစ်တော်ကိုယုံကြည်သောငါတို့အား ပေးတော်မူသကဲ့သို့ ထိုသူတို့ကိုလည်း တူညီသောကောင်းချီးလက်ဆောင်ကို ပေးတော်မူလျှင် ငါသည် မည်သို့သောသူဖြစ်၍ ဘုရားသခင်ကို တားဆီးနိုင်မည်နည်း”ဟု ဆိုလေ၏။
18. သူတို့သည် ထိုစကားကိုကြားသောအခါ တိတ်ဆိတ်သွားကြ၏။ ထို့နောက် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းလျက် “သို့ဖြစ်လျှင် ဘုရားသခင်သည် အသက်ရှင်ခြင်းသို့ရောက်စေသည့်နောင်တတရားကို လူမျိုးခြားတို့အားလည်း ပေးတော်မူပြီ”ဟု ဆိုကြ၏။
19. သတေဖန်နှင့်ဆက်စပ်၍ ဖြစ်ပေါ်လာသည့်နှိပ်စက်ခြင်းကြောင့် ကွဲလွင့်သွားကြသောသူတို့သည် ဖိုနီးရှားနယ်မှစ၍ ဆိုက်ပရပ်ကျွန်းနှင့် အန္တိအုတ်မြို့အထိ ရောက်သွားကြ၏။ သူတို့သည် ဂျူးလူမျိုးတို့မှတစ်ပါး မည်သူ့ကိုမျှ နှုတ်ကပတ်တရားကိုမဟောပြောကြချေ။
20. သို့သော် ထိုသူတို့တွင် ဆိုက်ပရပ်ကျွန်းနှင့်ကုရေနေမြို့မှ လူအချို့တို့ပါ၍ သူတို့သည် အန္တိအုတ်မြို့သို့သွားပြီးလျှင် ဂရိစကားပြောသောသူတို့အားလည်း ဟောပြောကာ သခင်ယေရှုအကြောင်းကို ပြောကြားကြ၏။
21. သခင်ဘုရား၏လက်တော်သည်လည်း သူတို့နှင့်အတူရှိသဖြင့် များစွာသောသူတို့သည်ယုံကြည်၍ သခင်ဘုရားထံသို့ပြောင်းလဲလာကြ၏။