1. လူမျိုးခြားတို့သည်လည်း ဘုရားသခင်၏နှုတ်ကပတ်တရားကို လက်ခံကြကြောင်း တမန်တော်များနှင့် ယုဒပြည်တစ်လျှောက်တွင်ရှိသောညီအစ်ကိုတို့သည် ကြားသိကြ၏။
2. သို့ဖြစ်၍ ပေတရုသည် ဂျေရုဆလင်မြို့သို့ တက်ရောက်လာသောအခါ အရေဖျားလှီးထားသောသူတို့က
3. “သင်သည် အရေဖျားမလှီးသောသူတို့အိမ်သို့ဝင်၍ သူတို့နှင့်အတူစားသောက်ပါသည်တကား”ဟု သူ့ကိုပြစ်တင်ပြောဆိုကြ၏။
4. ထိုအခါ ပေတရုသည် ထိုအကြောင်းအရာကို သူတို့အား အစဉ်လိုက်ရှင်းပြကာ
5. “ငါသည် ယုပ္ပေမြို့၌ ဆုတောင်းလျက်နေစဉ် အာရုံမှုန်ဝါးတွေဝေ၍ ရူပါရုံတစ်ခုကိုမြင်ရ၏။ ထောင့်လေးခုမှထိန်းထားပြီး ကောင်းကင်မှလျှောကျလာသည့် ရွက်ထည်စကြီးနှင့်တူသောအရာတစ်ခုသည် နိမ့်ဆင်းလာ၍ ငါ့ထံသို့ရောက်လာ၏။
6. ငါသည် ထိုအရာထဲသို့ စူးစိုက်၍စေ့စေ့ကြည့်လိုက်ရာ မြေကြီးပေါ်ရှိခြေလေးချောင်းသတ္တဝါများ၊ သားရဲတိရစ္ဆာန်များ၊ တွားသွားသတ္တဝါများနှင့် မိုးကောင်းကင်ငှက်တို့ကို မြင်ရ၏။
7. ထို့နောက် ‘ပေတရု၊ ထ၍သတ်စားလော့’ဟု ငါ့အားပြောသောအသံကိုလည်း ငါကြားရ၏။
8. သို့သော် ငါက ‘မဖြစ်နိုင်ပါ သခင်ဘုရား၊ အကြောင်းမူကား မစင်ကြယ်သောအရာ သို့မဟုတ် ညစ်ညူးသောအရာသည် အကျွန်ုပ်ခံတွင်းထဲသို့ မဝင်ဖူးပါ’ဟု လျှောက်၏။
9. ထိုအခါ ဒုတိယအကြိမ်ကောင်းကင်မှ အသံထွက်ပေါ်လာ၍ ‘ဘုရားသခင်စင်ကြယ်စေသည့်အရာကို ညစ်ညူးသည်ဟု သင်မဆိုနှင့်’ဟု ဆိုလေ၏။