6. သူသည် သားရေနယ်သမားရှိမုန်အိမ်၌ တည်းခိုနေ၏။ ထိုအိမ်သည် ပင်လယ်ကမ်းနားတွင်ရှိ၏”ဟု မြွက်ဆိုလေ၏။
7. မိမိအားမြွက်ဆိုသောကောင်းကင်တမန်ထွက်ခွာသွားသောအခါ ကော်နေလိသည် အစေခံနှစ်ဦးနှင့် မိမိအနီးအပါးတွင်တာဝန်ထမ်းဆောင်နေသောသူတို့ထဲမှ ဘုရားဝတ်၌မွေ့လျော်သော စစ်သားတစ်ဦးကိုခေါ်၍
8. အကြောင်းစုံကိုပြောပြပြီးလျှင် သူတို့ကို ယုပ္ပေမြို့သို့ စေလွှတ်လေ၏။
9. နောက်တစ်နေ့တွင် ထိုသူတို့သည် ခရီးပြုလျက် ယုပ္ပေမြို့အနီးသို့ရောက်လာကြစဉ် မွန်းတည့်ချိန်ဝန်းကျင်၌ ပေတရုသည် ဆုတောင်းရန် လေသာဆောင်ပေါ်သို့ တက်သွားလေ၏။
10. ထိုအချိန်တွင် သူသည် ဆာလောင်လျက် အစာစားလိုစိတ်ဖြစ်ပေါ်လေ၏။ သို့သော် အစားအစာများကို လူတို့ပြင်ဆင်နေကြစဉ် ပေတရုသည် အာရုံမှုန်ဝါးတွေဝေ၍
11. ကောင်းကင်သည်ပွင့်လျက် ထောင့်လေးခုမှထိန်းထားပြီး မြေပေါ်သို့လျှောကျလာသည့် ရွက်ထည်စကြီးနှင့်တူသောအရာတစ်ခု နိမ့်ဆင်းလာသည်ကို တွေ့ရ၏။
12. ထိုအရာထဲတွင် မြေကြီးပေါ်ရှိခြေလေးချောင်းသတ္တဝါများမှစ၍ တွားသွားသတ္တဝါများနှင့် မိုးကောင်းကင်ငှက်အမျိုးမျိုးပါ၏။
13. ထို့နောက် “ပေတရု၊ ထ၍သတ်စားလော့”ဟူသောအသံသည် သူ့ထံသို့ရောက်လာ၏။
14. သို့သော် ပေတရုက “မဖြစ်နိုင်ပါ သခင်ဘုရား၊ အကြောင်းမူကား အကျွန်ုပ်သည် ညစ်ညူးသောအရာနှင့်မစင်ကြယ်သောအရာ တစ်စုံတစ်ခုကိုမျှ မစားဖူးပါ”ဟု လျှောက်လေ၏။
15. ထိုအခါ ဒုတိယအကြိမ် အသံထပ်မံထွက်ပေါ်လာ၍ “ဘုရားသခင်စင်ကြယ်စေသည့်အရာကို ညစ်ညူးသည်ဟု သင်မဆိုနှင့်”ဟုဆိုလေ၏။
16. ဤသို့ သုံးကြိမ်တိုင်တိုင်ဖြစ်ပြီးနောက် ထိုအရာသည် ကောင်းကင်သို့ ချက်ချင်းဆောင်ယူသွားခြင်းခံရ၏။
17. မိမိမြင်ရသောရူပါရုံသည် မည်သည့်အရာကိုဆိုလိုကြောင်း ပေတရုသည် စိတ်ထဲ၌ ဝေခွဲမရဖြစ်နေစဉ် ကော်နေလိစေလွှတ်လိုက်သောလူတို့သည် ရှိမုန်၏အိမ်ကိုမေးမြန်းရှာဖွေပြီး အိမ်တံခါးရှေ့သို့ ရောက်လာကြ၏။
18. သူတို့သည် လှမ်းခေါ်၍ “ပေတရုဟုခေါ်သောရှိမုန်သည် ဤအိမ်တွင် တည်းခိုနေပါသလော”ဟု မေးမြန်းကြ၏။