37. ထို့ပြင် ယောဟန်သည် ဗတ္တိဇံတရားကိုဟောပြောသည့်နောက်တွင် ဂါလိလဲနယ်မှအစပြု၍ ယုဒနယ်တစ်လျှောက်လုံး၌ ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာကိုလည်းကောင်း၊
38. ဘုရားသခင်သည် နာဇရက်မြို့သားယေရှုကို သန့်ရှင်းသောဝိညာဉ်တော်နှင့်တန်ခိုးတော်တို့ဖြင့် မည်ကဲ့သို့ဘိသိက်ပေးခဲ့သည်ကိုလည်းကောင်း သင်တို့သိကြ၏။ ဘုရားသခင်သည် ကိုယ်တော်နှင့်အတူရှိတော်မူသောကြောင့် ကိုယ်တော်သည် လှည့်လည်၍ ကောင်းသောအမှုကိုပြုကာ မာရ်နတ်၏ဖိနှိပ်ခြယ်လှယ်မှုခံရသူအပေါင်းတို့ကို ကျန်းမာစေတော်မူ၏။
39. ငါတို့သည် ဂျေရုဆလင်မြို့မှစ၍ ဂျူးလူမျိုးတို့၏တိုင်းပြည်၌ ကိုယ်တော်ပြုခဲ့သောအရာအားလုံး၏သက်သေများဖြစ်ကြ၏။ လူတို့သည် ကိုယ်တော်ကို သစ်တိုင်ပေါ်၌ဆွဲထား၍ အသေသတ်ခဲ့ကြ၏။
40. သို့သော် ဘုရားသခင်သည် ကိုယ်တော်ကို သုံးရက်မြောက်သောနေ့၌ ထမြောက်စေ၍ ကိုယ်ထင်ရှားပြရသောအခွင့်ကို ပေးတော်မူ၏။
41. သို့ရာတွင် လူအားလုံးထံ၌မဟုတ်ဘဲ သက်သေအဖြစ် ဘုရားသခင်ကြိုတင်ခန့်ထားသော ငါတို့ထံ၌သာ ကိုယ်ထင်ရှားပြတော်မူ၏။ ကိုယ်တော်သည် သေသောသူတို့ထဲမှ ထမြောက်တော်မူပြီးနောက် ငါတို့သည် ကိုယ်တော်နှင့်အတူစားသောက်ခဲ့ကြ၏။
42. ထို့နောက် ကိုယ်တော်က ကိုယ်တော်သာလျှင်အသက်ရှင်သောသူနှင့်သေလွန်သောသူတို့ကိုတရားစီရင်သူအဖြစ် ဘုရားသခင်ခန့်အပ်ထားတော်မူသောအရှင်ဖြစ်ကြောင်း လူတို့အားဟောပြောရန်နှင့် သက်သေခံရန် ငါတို့အား မိန့်မှာတော်မူ၏။
43. ထိုအရှင်နှင့်ပတ်သက်၍ ပရောဖက်အားလုံးတို့သည်လည်း ‘ကိုယ်တော်ကိုယုံကြည်သောသူတိုင်း ကိုယ်တော်၏နာမတော်အားဖြင့် အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးကိုခံစားရ၏’ဟု သက်သေခံကြ၏”ဟူ၍ ပြောဆိုလေ၏။
44. ဤတရားစကားတို့ကို ပေတရုဟောပြောနေစဉ် သန့်ရှင်းသောဝိညာဉ်တော်သည် နှုတ်ကပတ်တရားကို ကြားနာနေသူအားလုံးအပေါ်သို့ သက်ရောက်တော်မူ၏။
45. ပေတရုနှင့်အတူလိုက်ပါလာသည့် အရေဖျားလှီးထားသော ယုံကြည်သူရှိသမျှတို့သည် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသောကောင်းချီးလက်ဆောင်ကို လူမျိုးခြားတို့အပေါ်၌လည်း သွန်းလောင်းတော်မူသည့်အတွက် အလွန်အံ့ဩကြ၏။
46. အဘယ်ကြောင့်ဆိုသော် ထိုလူမျိုးခြားတို့သည် အခြားသောဘာသာစကားများပြောဆိုလျက် ဘုရားသခင်အားချီးမွမ်းကြသည်ကို သူတို့ကြားရသောကြောင့်ဖြစ်၏။ ထိုအခါ ပေတရုက
47. “ငါတို့ကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်ကို ခံယူရရှိကြသော ဤသူတို့အား ရေ၌ဗတ္တိဇံမခံစေရန် မည်သူတားဆီးနိုင်သနည်း”ဟု ဆိုလျက်
48. ယေရှုခရစ်တော်၏နာမတော်၌ ဗတ္တိဇံခံကြရန် သူတို့အား ညွှန်ကြားလေ၏။ ထို့နောက် သူတို့သည် ပေတရုအား ရက်အနည်းငယ်မျှ ဆက်၍နေရန် တောင်းပန်ကြ၏။