25. ပေတရုဝင်လာသောအခါ ကော်နေလိသည် သူ့ကိုကြိုဆို၍ သူ၏ခြေရင်း၌ပျပ်ဝပ်လျက် ရှိခိုးလေ၏။
26. သို့သော် ပေတရုသည် သူ့ကိုထူမ၍ “ထပါ။ ငါကိုယ်တိုင်လည်း သာမန်လူသားတစ်ယောက်ဖြစ်သည်”ဟု ဆိုလေ၏။
27. ထို့နောက် ကော်နေလိနှင့်စကားပြောရင်း အိမ်ထဲသို့ဝင်လျှင် လူများစွာတို့စုဝေးနေကြသည်ကို တွေ့လေ၏။
28. ထိုအခါ ပေတရုက “ဂျူးလူမျိုးတို့အတွက် လူမျိုးခြားထံ အလည်အပတ်သွားခြင်း သို့မဟုတ် သူတို့နှင့်ပေါင်းဖော်ခြင်းသည် တရားတော်နှင့်မညီကြောင်း သင်တို့သိကြ၏။ သို့သော် မည်သူ့ကိုမျှ ညစ်ညူးသောသူ သို့မဟုတ် မစင်ကြယ်သောသူဟူ၍ မခေါ်ရမည့်အကြောင်း ဘုရားသခင်သည် ငါ့အား ပြသတော်မူပြီ။
29. ထို့ကြောင့် ငါသည် ခေါ်ဖိတ်ခြင်းခံရသောအခါ မငြင်းဆိုဘဲ လာခဲ့၏။ သို့ဖြစ်၍ ငါ့အား မည်သည့်အကြောင်းကြောင့် ခေါ်ဖိတ်ကြသည်ကို ငါမေးလိုသည်”ဟု ဆိုလေ၏။
30. ကော်နေလိကလည်း “လွန်ခဲ့သောသုံးရက်က ဤအချိန်မွန်းလွဲသုံးနာရီတွင် အကျွန်ုပ်အိမ်၌ အကျွန်ုပ်ဆုတောင်းနေစဉ် တောက်ပသည့်အဝတ်ကို ဝတ်ထားသောလူတစ်ဦးသည် အကျွန်ုပ်ရှေ့၌ရပ်လျက်
31. ‘ကော်နေလိ၊ သင်၏ဆုတောင်းသံကို ဘုရားသခင်နားညောင်းတော်မူ၍ သင်၏ပေးကမ်းစွန့်ကြဲခြင်းတို့သည်လည်း ဘုရားသခင်ရှေ့တော်၌ အောက်မေ့စရာဖြစ်လေပြီ။
32. ထို့ကြောင့် ယုပ္ပေမြို့သို့ လူလွှတ်၍ ပေတရုဟုခေါ်သောရှိမုန်ကို ခေါ်ဖိတ်လော့။ သူသည် ပင်လယ်ကမ်းနားရှိ သားရေနယ်သမားရှိမုန်၏အိမ်၌ တည်းခိုနေ၏’ဟု မြွက်ဆိုခဲ့ပါသည်။
33. သို့ဖြစ်၍ အကျွန်ုပ်သည် သင့်ထံသို့ ချက်ချင်းလူလွှတ်ခဲ့ပါသည်။ သင်သည်လည်း ကြွရောက်လာသောကြောင့် ကျေးဇူးတင်ပါသည်။ ယခု အကျွန်ုပ်တို့အားလုံးသည် သင့်အား သခင်ဘုရားမိန့်မှာတော်မူသမျှတို့ကို ကြားနာရန် ဘုရားသခင်ရှေ့တော်၌ ရှိနေကြပါသည်”ဟု ဆိုလေ၏။
34. ထိုအခါ ပေတရုသည် နှုတ်ကိုဖွင့်၍ “ဘုရားသခင်သည် မျက်နှာလိုက်ခြင်းမရှိဘဲ
35. မည်သည့်လူမျိုးမဆို ကိုယ်တော်ကိုကြောက်ရွံ့လျက် ဖြောင့်မတ်စွာပြုကျင့်လျှင် နှစ်သက်လက်ခံတော်မူကြောင်း ငါအမှန်ပင်သဘောပေါက်ပြီ။
36. ဘုရားသခင်သည် လူအပေါင်းတို့၏အရှင်သခင်ဖြစ်တော်မူသော ယေရှုခရစ်တော်အားဖြင့် ငြိမ်သက်ခြင်းနှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုဟောပြော၍ အစ္စရေးအမျိုးသားတို့ထံသို့ ပေးပို့တော်မူသောနှုတ်ကပတ်တရားကို သင်တို့သိကြ၏။