16. ဤသို့ သုံးကြိမ်တိုင်တိုင်ဖြစ်ပြီးနောက် ထိုအရာသည် ကောင်းကင်သို့ ချက်ချင်းဆောင်ယူသွားခြင်းခံရ၏။
17. မိမိမြင်ရသောရူပါရုံသည် မည်သည့်အရာကိုဆိုလိုကြောင်း ပေတရုသည် စိတ်ထဲ၌ ဝေခွဲမရဖြစ်နေစဉ် ကော်နေလိစေလွှတ်လိုက်သောလူတို့သည် ရှိမုန်၏အိမ်ကိုမေးမြန်းရှာဖွေပြီး အိမ်တံခါးရှေ့သို့ ရောက်လာကြ၏။
18. သူတို့သည် လှမ်းခေါ်၍ “ပေတရုဟုခေါ်သောရှိမုန်သည် ဤအိမ်တွင် တည်းခိုနေပါသလော”ဟု မေးမြန်းကြ၏။
19. ပေတရုသည် ရူပါရုံအကြောင်းကို စဉ်းစားဆင်ခြင်လျက်နေစဉ် ဝိညာဉ်တော်က “လူသုံးဦးတို့သည် သင့်ကိုရှာနေကြ၏။
20. သူတို့ကို ငါစေလွှတ်လိုက်သည်ဖြစ်၍ ထပြီး အောက်သို့ဆင်းသွားကာ သံသယမရှိဘဲ သူတို့နှင့်အတူလိုက်သွားလော့”ဟု မိန့်တော်မူ၏။
21. ထို့ကြောင့် ပေတရုသည် ဆင်းသွား၍ “သင်တို့ရှာနေသောသူမှာ ငါပင်ဖြစ်၏။ မည်သည့်အကြောင်းကိစ္စရှိ၍ လာခဲ့ကြသနည်း”ဟု သူတို့အား မေးလေ၏။
22. သူတို့ကလည်း “ဖြောင့်မတ်၍ ဘုရားသခင်ကိုကြောက်ရွံ့သောသူဖြစ်ပြီး ဂျူးလူမျိုးအားလုံးတို့တွင် ဂုဏ်သတင်းကောင်းသောတပ်မှူးကော်နေလိသည် သင့်ကို မိမိအိမ်သို့ခေါ်ဖိတ်၍ သင့်ထံမှ တရားစကားကိုနားထောင်ရန် သန့်ရှင်းသောကောင်းကင်တမန်၏ဗျာဒိတ်တော်ကို ခံရပါသည်”ဟု ဆိုကြ၏။
23. ထိုအခါ ပေတရုသည် သူတို့ကို အိမ်ထဲသို့ခေါ်ဖိတ်လျက် တည်းခိုစေပြီးလျှင် နောက်တစ်နေ့၌ ထ၍ ထိုသူတို့နှင့်အတူ ထွက်ခွာသွားလေ၏။ ယုပ္ပေမြို့မှ ညီအစ်ကိုအချို့တို့သည်လည်း သူနှင့်အတူလိုက်သွားကြ၏။
24. နောက်တစ်နေ့၌ သူသည် ဆီဇာရီးယားမြို့သို့ ရောက်လေ၏။ ကော်နေလိသည် မိမိ၏ဆွေမျိုးများနှင့် ရင်းနှီးသောမိတ်ဆွေများကို စုရုံးထားလျက် သူတို့ကိုစောင့်မျှော်နေ၏။
25. ပေတရုဝင်လာသောအခါ ကော်နေလိသည် သူ့ကိုကြိုဆို၍ သူ၏ခြေရင်း၌ပျပ်ဝပ်လျက် ရှိခိုးလေ၏။
26. သို့သော် ပေတရုသည် သူ့ကိုထူမ၍ “ထပါ။ ငါကိုယ်တိုင်လည်း သာမန်လူသားတစ်ယောက်ဖြစ်သည်”ဟု ဆိုလေ၏။