17. အကြောင်းမူကား ယုဒသည် ငါတို့ထဲ၌ထည့်သွင်းရေတွက်ခြင်းခံရပြီး ဤအမှုတော်လုပ်ငန်းတွင် ပါဝင်ခွင့်ကိုရရှိခဲ့၏။
18. သူသည် မတရားမှုကြောင့်ရရှိသောအဖိုးအခဖြင့် မြေတစ်ကွက်ကိုဝယ်ယူပြီးနောက် ဇောက်ထိုးကျလျက် ဝမ်းဗိုက်ပေါက်သဖြင့် သူ၏အူများအကုန်ထွက်ကျလေ၏။
19. ထိုအကြောင်းကို ဂျေရုဆလင်မြို့၌ နေထိုင်သောသူအပေါင်းတို့သည်သိ၍ ထိုမြေကို မိမိတို့ဘာသာစကားဖြင့် အကေလဒမဟုခေါ်ဆိုကြ၏။ ၎င်း၏အဓိပ္ပာယ်မှာ သွေးမြေဟူ၍ဖြစ်၏။
20. အမှန်စင်စစ် ဆာလံကျမ်း၌ ‘သူ၏နေရပ်သည် လူသူကင်းဝေးရာအရပ်ဖြစ်ပါစေ။ ထိုအရပ်၌ နေထိုင်သောသူမရှိပါစေနှင့်။ သူ၏အရိုက်အရာကိုလည်း အခြားသူယူပါစေ’ဟု ရေးထား၏။
21. ထို့ကြောင့် သခင်ယေရှုသည် ငါတို့ထံ၌ ဝင်ထွက်သွားလာသည့်အချိန်တစ်လျှောက်လုံး၊
22. တစ်နည်းအားဖြင့် ယောဟန်ဗတ္တိဇံပေးသည့်အချိန်မှစ၍ ငါတို့ထံမှ အထက်သို့ ဆောင်ယူခြင်းကိုခံတော်မူသည့်နေ့ရက်တိုင်အောင် ငါတို့နှင့်လိုက်ပါသူများထဲမှ တစ်ဦးသည် ကိုယ်တော်၏ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ငါတို့နှင့်အတူ သက်သေခံသူဖြစ်ရမည်”ဟု ဆိုလေ၏။
23. ထိုအခါ သူတို့သည် ယုစတုအမည်ရှိသောဗာရှဗခေါ်ယောသပ်နှင့်မဿိတို့နှစ်ဦးကို အဆိုပြုလျက်
24. “လူအပေါင်းတို့၏စိတ်နှလုံးကို သိတော်မူသောသခင်ဘုရား၊
25. ယုဒသည် မိမိနေရာသို့သွားရန် တမန်တော်အရိုက်အရာမှ ရွေ့လျောဖောက်ပြန်သွားသည်ဖြစ်၍ ဤအမှုတော်လုပ်ငန်းနှင့် တမန်တော်အရိုက်အရာကိုဆက်ခံရန် ဤသူနှစ်ဦးထဲမှ ကိုယ်တော်ရွေးကောက်သောသူကို ဖော်ပြတော်မူပါ”ဟု ဆုတောင်းကြ၏။
26. ထို့နောက် ထိုသူနှစ်ဦးအတွက်မဲချကြရာ မဿိအပေါ်မဲကျသဖြင့် သူသည် တမန်တော်တစ်ဆယ့်တစ်ပါးတို့နှင့်အတူ တမန်တော်စာရင်းဝင်လေ၏။