13. ထို့ပြင် သူတို့သည် တစ်အိမ်ပြီးတစ်အိမ်လှည့်လည်၍ ပျင်းရိသောအကျင့်ရှိလာတတ်ကြ၏။ ထိုသို့ပျင်းရိသည်သာမက အတင်းအဖျင်းပြောဆိုလျက် သူတစ်ပါးကိစ္စ၌ ဝင်ရောက်စွက်ဖက်ကာ မပြောသင့်သည့်အရာတို့ကို ပြောဆိုတတ်ကြ၏။
14. ထို့ကြောင့် ငယ်ရွယ်သောမုဆိုးမတို့သည် အိမ်ထောင်ပြုလျက် သားသမီးများမွေးဖွားကာ အိမ်မှုကိစ္စကိုစီမံကွပ်ကဲ၍ ရန်သူအား ကဲ့ရဲ့ပြစ်တင်ခြင်းအခွင့်ကိုမပေးရန် ငါအလိုရှိ၏။
15. အကြောင်းမူကား အချို့သောမုဆိုးမတို့သည် လမ်းလွဲ၍ စာတန်နောက်သို့လိုက်သွားကြပြီ။
16. ယုံကြည်သူအမျိုးသမီးတစ်စုံတစ်ဦး၌ ဆွေမျိုးတော်စပ်သည့်မုဆိုးမများရှိလျှင် အသင်းတော်အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ ထိုမုဆိုးမတို့ကို သူကိုယ်တိုင်ကူညီစောင့်ရှောက်ပါစေ။ သို့ပြုလျှင် အသင်းတော်သည် အမှန်တကယ်အကူအညီလိုအပ်သည့်မုဆိုးမများကို ကူညီစောင့်ရှောက်နိုင်လိမ့်မည်။
17. ကောင်းစွာစီမံအုပ်ချုပ်နေသောအသင်းတော်အကြီးအကဲများ အထူးသဖြင့် နှုတ်ကပတ်တော်ဝေငှခြင်းနှင့် သွန်သင်ခြင်းတို့အတွက် အားထုတ်လုပ်ဆောင်နေသောအကြီးအကဲများသည် နှစ်ဆသောဂုဏ်ပြုခြင်းကို ခံထိုက်သည်ဟု မှတ်ယူလော့။
18. အကြောင်းမူကား ကျမ်းစာက “စပါးနယ်နေသည့်နွားကို ပါးချုပ်မတပ်ရ”ဟူ၍လည်းကောင်း၊ “အလုပ်လုပ်သောသူသည် လုပ်အားခကို ရထိုက်၏”ဟူ၍လည်းကောင်း ဆိုထား၏။
19. သက်သေနှစ်ဦး သို့မဟုတ် သုံးဦးမရှိလျှင် အသင်းတော်အကြီးအကဲအပေါ်စွပ်စွဲချက်ကို လက်မခံနှင့်။
20. ကျန်သောသူတို့သည်လည်း ကြောက်ရွံ့ခြင်းရှိကြစေရန် အပြစ်ပြုသောသူတို့ကို အားလုံးရှေ့၌ ဆိုဆုံးမလော့။
21. သင်သည် ဤအရာတို့ကို ခွဲခြားခြင်းမရှိဘဲ စောင့်ရှောက်၍ မည်သည့်အရာကိုမျှ ဘက်လိုက်ခြင်းမရှိဘဲပြုမူရန် ဘုရားသခင်နှင့် ခရစ်တော်ယေရှုမှစ၍ ရွေးကောက်ခံရသောကောင်းကင်တမန်တို့ရှေ့၌ ငါအလေးအနက်တိုက်တွန်း၏။
22. မည်သူ့အပေါ်၌မျှ လက်တင်ခြင်းအမှုကို အလျင်စလိုမပြုနှင့်။ အခြားသူတို့၏အပြစ်၌လည်း ပါဝင်ခြင်းမရှိနှင့်။ သင့်ကိုယ်သင် ဖြူစင်သန့်ရှင်းအောင်စောင့်ထိန်းလော့။
23. သင်၏အစာအိမ်နှင့် သင်၌မကြာခဏဖြစ်သော နာမကျန်းဖြစ်ခြင်းတို့အတွက် ရေကိုသာမသောက်တော့ဘဲ အနည်းငယ်သောစပျစ်ဝိုင်ကိုလည်း သုံးဆောင်လော့။
24. လူအချို့တို့၏အပြစ်များသည် တရားစီရင်ခြင်းသို့မရောက်မီကပင် သိသာထင်ရှား၏။ အချို့တို့၏အပြစ်များမူကား နောက်မှထင်ရှားတတ်၏။
25. ထိုနည်းတူ ကောင်းသောအမှုများသည်လည်း သိသာထင်ရှားတတ်၏။ ထိုသို့မထင်ရှားခဲ့လျှင်ပင် ဖုံးကွယ်ထား၍မရနိုင်ပေ။