7. ထိုမျှမက ကဲ့ရဲ့ပြစ်တင်ခြင်းခံရလျက် မာရ်နတ်၏ကျော့ကွင်းထဲသို့ မကျရောက်စေရန် အသင်းတော်ပြင်ပ၌ ဂုဏ်သတင်းကောင်းသောသူလည်းဖြစ်ရမည်။
8. ထိုနည်းတူ သင်းထောက်တို့သည်လည်း တည်ကြည်လေးနက်သောသူများဖြစ်ရမည်။ လျှာနှစ်ခွရှိသောသူ၊ စပျစ်ဝိုင်သောက်ကြူးသောသူ၊ မစင်ကြယ်သောအကျိုးစီးပွားကိုတပ်မက်သောသူများမဟုတ်ဘဲ
9. ယုံကြည်ခြင်း၏လျှို့ဝှက်နက်နဲသောအရာကို ကြည်လင်သောအသိစိတ်ဖြင့် စွဲကိုင်ထားသောသူများဖြစ်ရမည်။
10. သူတို့သည် စစ်ဆေးခြင်းကိုဦးစွာခံပြီးမှ အပြစ်တင်စရာမရှိပါက သင်းထောက်အမှုကိုဆောင်ရွက်ကြစေ။
11. ထိုနည်းတူ ဇနီးသည်တို့သည်လည်း တည်ကြည်လေးနက်သောသူများဖြစ်ရမည်။ ကုန်းချောတတ်သောသူမဟုတ်ဘဲ သမ္မာသတိရှိသောသူ၊ ခပ်သိမ်းသောအရာတို့၌ သစ္စာရှိသောသူများဖြစ်ရမည်။
12. သင်းထောက်တို့သည် မယားတစ်ဦးတည်းရှိသောသူ၊ မိမိတို့အိမ်ထောင်နှင့်သားသမီးများကို ကောင်းစွာစီမံအုပ်ချုပ်နေသူများဖြစ်ရမည်။
13. အကြောင်းမူကား သင်းထောက်အမှုကို ကောင်းစွာဆောင်ရွက်သောသူတို့သည် မိမိတို့အတွက် ကောင်းသောဂုဏ်ရည်ကိုရရှိသည့်အပြင် ခရစ်တော်ယေရှုကိုယုံကြည်သောအရာ၌ များစွာသောရဲရင့်မှုကိုရရှိကြ၏။
14. ဤအရာများကို သင့်အား ငါရေးလိုက်ခြင်းမှာ သင့်ထံသို့အလျင်အမြန်လာနိုင်မည်ဟု မျှော်လင့်သော်လည်း
15. ငါနှောင့်နှေးခဲ့လျှင်ပင် သမ္မာတရား၏မဏ္ဍိုင်နှင့်အုတ်မြစ်ဖြစ်သည့် အသက်ရှင်တော်မူသောဘုရားသခင်၏အသင်းတော်တည်းဟူသော ဘုရားသခင်၏အိမ်တော်တွင် မည်ကဲ့သို့အသက်ရှင်နေထိုင်ရမည်ကို သင်သိနိုင်ရန်အတွက်ဖြစ်၏။