14. ဤအကြောင်းအရာများကို သူတို့အား သတိပေးနှိုးဆော်လော့။ မည်သည့်အကျိုးမျှမရှိဘဲ ကြားနာသောသူတို့ကို ပျက်စီးစေသည့် စကားလုံးအသုံးအနှုန်းအပေါ်ငြင်းခုံခြင်းကိုမပြုကြရန် ဘုရားသခင်ရှေ့တော်၌ သူတို့ကို အလေးအနက်တိုက်တွန်းလော့။
15. သင်သည် ဘုရားသခင်ရှေ့တော်၌ ယုံကြည်စိတ်ချရသူတည်းဟူသော သမ္မာတရား၏နှုတ်ကပတ်တော်ကို မှန်ကန်စွာပိုင်းခြားတတ်သည့် ရှက်ကြောက်စရာမရှိသောလုပ်သားတစ်ဦးအဖြစ် မိမိကိုယ်ကိုဆက်သနိုင်ရန် ကြိုးစားလော့။
16. သို့သော် ဘုရားတရားနှင့်မဆိုင်သော အချည်းနှီးစကားများကို ရှောင်ကြဉ်လော့။ အကြောင်းမူကား ၎င်းတို့သည် ဘုရားတရားမဲ့ခြင်းကို ပို၍တိုးပွားစေတတ်၏။
17. သူတို့၏စကားသည် မြစ်ပွားနာကဲ့သို့ပျံ့နှံ့သွားလိမ့်မည်။ ထိုသူတို့ထဲတွင် ဟုမေနဲနှင့်ဖိလက်တို့ပါ၏။
18. သူတို့သည် သမ္မာတရားလမ်းမှလွဲချော်၍ သေသောသူတို့၏ရှင်ပြန်ထမြောက်ခြင်းသည် ဖြစ်ပျက်ခဲ့လေပြီဟုဆိုလျက် အချို့သောသူတို့၏ယုံကြည်ခြင်းကို ချွတ်ချော်လွဲမှားစေကြ၏။
19. သို့ရာတွင် ဘုရားသခင်၏ခိုင်ခံ့သောအုတ်မြစ်သည် တည်မြဲလျက်ရှိ၍ ထိုအုတ်မြစ်ပေါ်၌ “ထာဝရဘုရားသည် မိမိလူတို့ကို သိတော်မူ၏”ဟူ၍လည်းကောင်း၊ “ထာဝရဘုရား၏နာမတော်ကို တိုင်တည်ခေါ်ဆိုသောသူတိုင်း မတရားမှုမှဖယ်ခွာကြလော့”ဟူ၍လည်းကောင်း တံဆိပ်ခတ်နှိပ်ထား၏။
20. ကြီးမားသောအိမ်၌ ရွှေငွေဖြင့်ပြုလုပ်ထားသော အိုးခွက်များသာမက သစ်သားနှင့်မြေကြီးတို့ဖြင့်ပြုလုပ်ထားသော အိုးခွက်များလည်းရှိ၍ အချို့တို့ကို အသရေရှိသောအရာအတွက်သုံးလျက် အချို့တို့ကို အသရေမရှိသောအရာအတွက်သုံးကြ၏။
21. သို့ဖြစ်၍ မည်သူမဆို အထက်ဖော်ပြပါ မကောင်းသောအရာများမှ မိမိကိုယ်ကိုစင်ကြယ်စေလျှင် သူသည် အသရေရှိသောအရာအတွက် သုံးရန်အိုးခွက်တည်းဟူသော သန့်ရှင်းစေခြင်းခံရ၍ သခင်အတွက် အသုံးဝင်သောအိုးခွက်၊ ကောင်းသောအမှုအားလုံးအတွက် ပြင်ဆင်ခြင်းခံရသောအိုးခွက်ဖြစ်ရလိမ့်မည်။
22. ထို့ကြောင့် သင်သည် လူငယ်တို့၏တပ်မက်ခြင်းများကိုရှောင်၍ စင်ကြယ်သောစိတ်နှလုံးဖြင့် သခင်ဘုရားကိုပတ္ထနာပြုသောသူတို့နှင့်အတူ ဖြောင့်မတ်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို လက်ကိုင်ပြုလော့။
23. မိုက်မဲ၍ ပညာမဲ့သောအငြင်းပွားမှုမူကား ခိုက်ရန်ဖြစ်ပွားစေတတ်သည်ဟု သိမှတ်လျက် ရှောင်ရှားလော့။