6. ထို့ကြောင့် ငါလက်တင်သောအားဖြင့် သင်ရရှိသောဘုရားသခင်၏ဆုကျေးဇူးကို ပြန်လည်လှုံ့ဆော်ရန် သင့်ကို ငါသတိပေး၏။
7. အကြောင်းမူကား ဘုရားသခင်သည် ငါတို့အား ကြောက်တတ်သောဝိညာဉ်ကို ပေးတော်မူသည်မဟုတ်ဘဲ တန်ခိုး၊ ချစ်ခြင်းမေတ္တာ၊ မိမိကိုယ်ကိုချုပ်တည်းခြင်းတို့နှင့်ဆိုင်သောဝိညာဉ်ကို ပေးတော်မူ၏။
8. ထို့ကြောင့် ငါတို့၏သခင်ဘုရားအကြောင်း သက်သေခံသည်ကိုလည်းကောင်း၊ ငါသည် ကိုယ်တော်အတွက် အကျဉ်းသားဖြစ်သည်ကိုလည်းကောင်း ရှက်ကြောက်ခြင်းမရှိဘဲ ဘုရားသခင်၏တန်ခိုးတော်အားဖြင့် ကောင်းမြတ်သောသတင်းအတွက် ငါနှင့်အတူဆင်းရဲဒုက္ခကိုခံလော့။
9. ဘုရားသခင်သည် ငါတို့ကိုကယ်တင်တော်မူ၍ သန့်ရှင်းသောခေါ်ယူခြင်းဖြင့် ငါတို့ကိုခေါ်ယူတော်မူသည်မှာ ငါတို့ပြုသောအမှုများကြောင့်မဟုတ်ဘဲ မိမိ၏အကြံအစည်တော်ကြောင့်ဖြစ်ပြီး ရှေးကာလများမတိုင်မီကပင် ယေရှုခရစ်တော်အားဖြင့် ငါတို့အားပေးတော်မူသောကျေးဇူးတော်ကြောင့်ဖြစ်၏။
10. ထိုကျေးဇူးတော်သည် ငါတို့၏ကယ်တင်ရှင်ခရစ်တော်ယေရှု ပေါ်ထွန်းတော်မူခြင်းအားဖြင့် ယခုထင်ရှားလေပြီ။ ခရစ်တော်သည် သေခြင်းကိုပယ်ဖျက်၍ အသက်နှင့်တကွ ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းသောအရာတို့ကို ကောင်းမြတ်သောသတင်းအားဖြင့် အလင်းသို့ယူဆောင်လာ၏။
11. ငါသည် ထိုကောင်းမြတ်သောသတင်းအတွက် သံတော်ဆင့်အဖြစ်လည်းကောင်း၊ တမန်တော်အဖြစ်လည်းကောင်း၊ ဆရာအဖြစ်လည်းကောင်း ခန့်အပ်ထားခြင်းခံရ၏။
12. ထိုအကြောင်းကြောင့် ငါသည် ဤဒုက္ခဝေဒနာများကိုလည်း ခံစားနေရ၏။ သို့သော် ငါသည် ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား ငါသည် မိမိယုံကြည်သောအရှင်ကိုသိ၍ ကိုယ်တော်ထံ၌ ငါအပ်ထားသောအရာကို ထိုနေ့ရက်တိုင်အောင် ကိုယ်တော်စောင့်ထိန်းနိုင်သည်ဟု ငါယုံကြည်စိတ်ချ၏။