11. ငါသည် ထိုကောင်းမြတ်သောသတင်းအတွက် သံတော်ဆင့်အဖြစ်လည်းကောင်း၊ တမန်တော်အဖြစ်လည်းကောင်း၊ ဆရာအဖြစ်လည်းကောင်း ခန့်အပ်ထားခြင်းခံရ၏။
12. ထိုအကြောင်းကြောင့် ငါသည် ဤဒုက္ခဝေဒနာများကိုလည်း ခံစားနေရ၏။ သို့သော် ငါသည် ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား ငါသည် မိမိယုံကြည်သောအရှင်ကိုသိ၍ ကိုယ်တော်ထံ၌ ငါအပ်ထားသောအရာကို ထိုနေ့ရက်တိုင်အောင် ကိုယ်တော်စောင့်ထိန်းနိုင်သည်ဟု ငါယုံကြည်စိတ်ချ၏။
13. သင်သည် ခရစ်တော်ယေရှုအပေါ်၌ရှိသော ယုံကြည်ခြင်းနှင့်ချစ်ခြင်းမေတ္တာတို့ဖြင့် ငါ့ထံမှကြားနာရသော မှန်ကန်ပြည့်စုံသည့်တရားစကားများကို စံနမူနာအဖြစ်စွဲကိုင်ထားလော့။
14. သင်၌အပ်ထားသည့် ကောင်းမြတ်သောအရာကို ငါတို့၌ကိန်းဝပ်တော်မူသည့် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် စောင့်ရှောက်လော့။
15. သင်သိထားသည့်အတိုင်း အာရှပြည်၌ရှိသောသူအားလုံးတို့သည် ငါ့ကိုစွန့်ပယ်ကြပြီ။ ထိုသူတို့တွင် ဖုဂေလုနှင့်ဟေရမောဂင်တို့လည်းပါ၏။
16. သခင်ဘုရားသည် ဩနေသိဖော်၏မိသားစုအပေါ် ကရုဏာသက်တော်မူပါစေသော။ အဘယ်ကြောင့်ဆိုသော် သူသည် ငါ့ကို အကြိမ်ကြိမ်နှစ်သိမ့်လန်းဆန်းစေပြီး သံကြိုးဖြင့် ငါချည်နှောင်ထားခြင်းခံရသည်ကို ရှက်ကြောက်ခြင်းမရှိဘဲ
17. ရောမမြို့သို့ သူရောက်စဉ်က ငါ့ကိုကြိုးစားပမ်းစားရှာ၍ ငါနှင့်တွေ့ခဲ့၏။
18. ထိုနေ့ရက်၌ သခင်ဘုရားထံတော်မှ ကရုဏာတော်ခံစားရသောအခွင့်ကို သခင်ဘုရားသည် သူ့အားပေးတော်မူပါစေသော။ ဧဖက်မြို့၌ရှိစဉ်ကလည်း သူသည် ငါ့ကို မည်မျှလုပ်ကျွေးပြုစုခဲ့သည်ကို သင်ကောင်းစွာသိ၏။