တိ​တု​ဩ​ဝါ​ဒ​စာ 3:4-15 Myanmar Standard Bible (MSB)

4. သို့​သော် ငါ​တို့​ကယ်​တင်​ရှင်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​ပြု​ခြင်း​နှင့်​ချစ်​ခင်​ကြင်​နာ​ခြင်း​တို့ ပေါ်​ထွန်း​တော်​မူ​သော​အ​ခါ

5. ကိုယ်​တော်​သည် ငါ​တို့​ပြု​ခဲ့​သည့် ဖြောင့်​မတ်​သော​အ​ကျင့်​အား​ဖြင့်​မ​ဟုတ်​ဘဲ မိ​မိ​၏​က​ရု​ဏာ​တော်​နှင့်​အ​ညီ အ​သစ်​မွေး​ဖွား​ခြင်း​နှင့်​ဆိုင်​သော​ဆေး​ကြော​ခြင်း​နှင့် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​အ​သစ်​ပြု​ပြင်​ခြင်း​တို့​အား​ဖြင့် ငါ​တို့​ကို ကယ်​တင်​တော်​မူ​၏။

6. ဘု​ရား​သ​ခင်​သည် ထို​ဝိ​ညာဉ်​တော်​ကို ငါ​တို့​၏​ကယ်​တင်​ရှင်​ယေ​ရှု​ခ​ရစ်​တော်​အား​ဖြင့် ငါ​တို့​အ​ပေါ် ကြွယ်​ဝ​စွာ​သွန်း​လောင်း​တော်​မူ​၏။

7. ဤ​သည်​ကား ငါ​တို့​သည် ကိုယ်​တော်​၏​ကျေး​ဇူး​တော်​အား​ဖြင့် ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​လျက် ထာ​ဝ​ရ​အ​သက်​ကို​မျှော်​လင့်​ခြင်း​အား​ဖြင့် အ​မွေ​ခံ​ဖြစ်​လာ​ကြ​မည့်​အ​ကြောင်း​တည်း။

8. ဤ​စ​ကား​သည် သစ္စာ​စ​ကား​ဖြစ်​၏။ ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​သော​သူ​တို့​သည် ကောင်း​သော​အ​မှု​တို့​ကို​ပါ​ဝင်​လုပ်​ဆောင်​ရန် အ​မြဲ​ဂ​ရု​စိုက်​ကြ​မည့်​အ​ကြောင်း ငါ​သည် သင့်​အား ဤ​အ​ရာ​များ​အ​တွက် အ​ခိုင်​အ​မာ​ရပ်​တည်​စေ​လို​၏။ ဤ​အ​ရာ​များ​သည် ကောင်း​မြတ်​၍ လူ​တို့​အ​တွက်​အ​ကျိုး​ရှိ​၏။

9. သို့​သော် မိုက်​မဲ​သော​အ​ငြင်း​ပွား​မှု​များ၊ ဆွေ​စဉ်​မျိုး​ဆက်​စာ​ရင်း​များ၊ ပ​ဋိ​ပက္ခ​ဖြစ်​ခြင်း​နှင့် ပ​ညတ်​တ​ရား​ကြောင့် ခိုက်​ရန်​ဖြစ်​ခြင်း​တို့​ကို ရှောင်​ကြဉ်​လော့။ အ​ကြောင်း​မူ​ကား ထို​အ​ရာ​တို့​သည် အ​ကျိုး​မဲ့​၍ အ​ချည်း​နှီး​ဖြစ်​ကြ​၏။

10. ကွဲ​ပြား​မှု​ကို​ဖြစ်​စေ​သော​သူ​အား တစ်​ကြိမ်၊ နှစ်​ကြိမ် သ​တိ​ပေး​ပြီး​လျှင် ပယ်​ရှား​လော့။

11. ထို​သို့​သော​သူ​သည် ဖောက်​ပြန်​လွဲ​မှား​သော​သူ​ဖြစ်​ပြီး မိ​မိ​မှား​ယွင်း​နေ​ကြောင်း​သိ​လျက်​နှင့် အ​ပြစ်​ပြု​နေ​သူ​ဖြစ်​ကြောင်း သိ​မှတ်​လော့။

12. ငါ​သည် အာ​တေ​မ သို့​မ​ဟုတ် တု​ခိတ်​ကို သင့်​ထံ​သို့​စေ​လွှတ်​သော​အ​ခါ ငါ​ရှိ​ရာ​နိ​ကော​ပ​လိ​မြို့​သို့​လာ​ရန် ကြိုး​စား​လော့။ အ​ကြောင်း​မူ​ကား ဆောင်း​ကာ​လ​အ​တွင်း ထို​မြို့​၌​နေ​ထိုင်​ရန် ငါ​ဆုံး​ဖြတ်​ထား​၏။

13. ကျမ်း​တတ်​ပုဂ္ဂိုလ်​ဇေ​န​နှင့်​အာ​ပေါ​လု​တို့​ကို သူ​တို့​အ​တွက် လို​လေ​သေး​မ​ရှိ​ရ​အောင် သေ​ချာ​စွာ​ပို့​ဆောင်​ပေး​လော့။

14. ငါ​တို့​၏​လူ​များ​သည်​လည်း အ​သီး​မ​သီး​သော​သူ​မ​ဖြစ်​မည့်​အ​ကြောင်း အ​ရေး​တ​ကြီး​လို​အပ်​သော​အ​ရာ​များ​အ​တွက် ကောင်း​သော​အ​မှု​တို့​ကို ပါ​ဝင်​လုပ်​ဆောင်​ရန် သင်​ယူ​ကြ​ရ​မည်။

15. ငါ​နှင့်​အ​တူ​ရှိ​သော​သူ​အား​လုံး​တို့​သည် သင့်​ကို​နှုတ်​ဆက်​ကြ​၏။ ယုံ​ကြည်​ခြင်း​အား​ဖြင့် ငါ​တို့​အား​ချစ်​ခင်​သော​သူ​များ​ကို နှုတ်​ဆက်​ပေး​လော့။ ကျေး​ဇူး​တော်​သည် သင်​တို့​အား​လုံး​နှင့်​အ​တူ​ရှိ​ပါ​စေ​သော။

တိ​တု​ဩ​ဝါ​ဒ​စာ 3