2. မည်သူ့ကိုမျှ စော်ကားပြောဆိုခြင်း၊ ရန်တွေ့ခြင်းမပြုဘဲ ညင်သာသောသဘောရှိလျက် လူအပေါင်းတို့အပေါ် နူးညံ့သိမ်မွေ့ခြင်းကိုပြသရန်လည်းကောင်း သူတို့အား သတိပေးနှိုးဆော်လော့။
3. အကြောင်းမူကား တစ်ချိန်က ငါတို့သည်လည်း မိုက်မဲသောသူ၊ နာခံခြင်းမရှိသောသူ၊ လမ်းလွဲသောသူများဖြစ်ကြပြီး အမျိုးမျိုးသော တပ်မက်ခြင်းနှင့်ကာမဂုဏ်ခံစားခြင်းတို့၌ကျွန်ခံ၍ မကောင်းမှုနှင့်မလိုမုန်းထားခြင်းတို့၌ကျင်လည်ကြကာ မုန်းတီးခြင်းခံရလျက် အချင်းချင်းကိုလည်းမုန်းတီးလျက်နေကြ၏။
4. သို့သော် ငါတို့ကယ်တင်ရှင်ဘုရားသခင်၏ကျေးဇူးပြုခြင်းနှင့်ချစ်ခင်ကြင်နာခြင်းတို့ ပေါ်ထွန်းတော်မူသောအခါ
5. ကိုယ်တော်သည် ငါတို့ပြုခဲ့သည့် ဖြောင့်မတ်သောအကျင့်အားဖြင့်မဟုတ်ဘဲ မိမိ၏ကရုဏာတော်နှင့်အညီ အသစ်မွေးဖွားခြင်းနှင့်ဆိုင်သောဆေးကြောခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်၏အသစ်ပြုပြင်ခြင်းတို့အားဖြင့် ငါတို့ကို ကယ်တင်တော်မူ၏။
6. ဘုရားသခင်သည် ထိုဝိညာဉ်တော်ကို ငါတို့၏ကယ်တင်ရှင်ယေရှုခရစ်တော်အားဖြင့် ငါတို့အပေါ် ကြွယ်ဝစွာသွန်းလောင်းတော်မူ၏။
7. ဤသည်ကား ငါတို့သည် ကိုယ်တော်၏ကျေးဇူးတော်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရလျက် ထာဝရအသက်ကိုမျှော်လင့်ခြင်းအားဖြင့် အမွေခံဖြစ်လာကြမည့်အကြောင်းတည်း။
8. ဤစကားသည် သစ္စာစကားဖြစ်၏။ ဘုရားသခင်ကိုယုံကြည်သောသူတို့သည် ကောင်းသောအမှုတို့ကိုပါဝင်လုပ်ဆောင်ရန် အမြဲဂရုစိုက်ကြမည့်အကြောင်း ငါသည် သင့်အား ဤအရာများအတွက် အခိုင်အမာရပ်တည်စေလို၏။ ဤအရာများသည် ကောင်းမြတ်၍ လူတို့အတွက်အကျိုးရှိ၏။