13. ပထမအကြိမ် သင်တို့အား ကောင်းမြတ်သောသတင်းကို ငါဟောပြောရခြင်းမှာ ကိုယ်ကာယနာမကျန်းသောကြောင့်ဖြစ်သည်ကို သင်တို့သိကြ၏။
14. ထိုသို့ ငါ၏ကိုယ်ကာယအခြေအနေသည် သင်တို့အတွက် စုံစမ်းနှောင့်ယှက်ခြင်းဖြစ်သော်လည်း သင်တို့သည် ငါ့ကိုမထီမဲ့မြင်မပြု၊ ရွံရှာခြင်းလည်းမရှိဘဲ ဘုရားသခင်၏ကောင်းကင်တမန်ကဲ့သို့လည်းကောင်း၊ ခရစ်တော်ယေရှုကဲ့သို့လည်းကောင်း ငါ့ကိုလက်ခံကြ၏။
15. သို့ဖြစ်လျက်ပင် သင်တို့ခံစားရသောမင်္ဂလာသည် မည်သို့ဖြစ်သွားသနည်း။ သင်တို့သည် ဖြစ်နိုင်လျှင် သင်တို့၏မျက်စိကိုပင်ထုတ်၍ ငါ့အားပေးခဲ့ကြပေလိမ့်မည်ဟု သင်တို့နှင့်ပတ်သက်၍ ငါသက်သေခံ၏။
16. ငါသည် သင်တို့အား သမ္မာတရားကိုဟောပြောသောကြောင့် သင်တို့၏ရန်သူဖြစ်သွားပြီလော။
17. သင်တို့အပေါ် အရေးတယူပြုကြသောထိုသူတို့သည် ကောင်းသောရည်ရွယ်ချက်ကြောင့်မဟုတ်ဘဲ သူတို့အပေါ် အရေးတယူပြုစေရန် သင်တို့ကို သီးသန့်ဖယ်ထုတ်လို၍သာဖြစ်၏။
18. သင်တို့နှင့်အတူ ငါရှိနေစဉ်တွင်သာမဟုတ်ဘဲ အစဉ်အမြဲ ကောင်းသောရည်ရွယ်ချက်ဖြင့် အရေးတယူပြုခံရခြင်းသည် ကောင်းပေ၏။
19. ခရစ်တော်၏အသွင်သဏ္ဌာန်သည် သင်တို့ထဲ၌ ပေါ်ပေါက်လာသည့်တိုင်အောင် သင်တို့အတွက် သားဖွားခြင်းဝေဒနာကို ငါတစ်ဖန်ခံစားရသော ငါ့သားသမီးတို့၊
20. ငါသည် သင်တို့နှင့်ပတ်သက်၍ တွေးမရဖြစ်နေသဖြင့် ယခုပင် သင်တို့နှင့်အတူရှိလျက် ငါ့လေသံကို ငါပြောင်းလို၏။
21. ပညတ်တရားအောက်၌နေလိုသောသူတို့၊ ငါ့ကိုပြောပြကြလော့။ ပညတ်တရားက မည်သို့မိန့်ဆိုထားသည်ကို သင်တို့မကြားကြသလော။
22. အကြောင်းမူကား “အာဗြဟံ၌ သားနှစ်ဦးရှိ၏။ တစ်ဦးသည် ကျွန်မ၏သားဖြစ်ပြီး တစ်ဦးသည် လွတ်လပ်သောမိန်းမ၏သားဖြစ်၏”ဟု ရေးထား၏။
23. ကျွန်မ၏သားသည် သွေးသားဇာတိအရမွေးဖွားလာ၏။ လွတ်လပ်သောမိန်းမ၏သားမူကား ကတိတော်အရမွေးဖွားလာ၏။
24. ဤအကြောင်းအရာတို့သည် ပုံဆောင်ချက်များဖြစ်ကြ၏။ အကြောင်းမူကား ထိုမိန်းမနှစ်ဦးသည် ပဋိညာဉ်နှစ်ပါးကိုဆိုလို၏။ တစ်ပါးသည် သိနာတောင်မှဖြစ်၍ ကျွန်ကိုမွေးဖွား၏။ ထိုသူသည် ဟာဂရဖြစ်၏။
25. ဟာဂရသည် အာရေဗျပြည်၌ရှိသော သိနာတောင်ကိုဆိုလို၍ လက်ရှိဂျေရုဆလင်မြို့နှင့်လည်း အလားတူ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် မိမိ၏သားသမီးတို့နှင့်အတူ ကျွန်ခံနေရ၏။
26. သို့သော် အထက်အရပ်တွင်ရှိသော ဂျေရုဆလင်မြို့သည် လွတ်လပ်သောမိန်းမဖြစ်၍ ၎င်းသည် ငါတို့၏အမိဖြစ်၏။
27. အကြောင်းမူကား “သားမဖွားဖူးသောအမြုံမ၊ ပျော်ရွှင်လော့။ သားဖွားခြင်းဝေဒနာကိုမခံစားဖူးသောမိန်းမ၊ အသံကုန်လွှင့်၍ ဟစ်ကြော်လော့။ အဘယ်ကြောင့်ဆိုသော် စွန့်ပစ်ခံရသောမိန်းမ၏သားသမီးတို့သည် ယောက်ျားရှိသောမိန်းမ၏သားသမီးတို့ထက် များကြ၏”ဟု ရေးထား၏။
28. ညီအစ်ကိုတို့၊ သင်တို့မူကား ဣဇက်ကဲ့သို့ ကတိတော်နှင့်ဆိုင်သော သားသမီးများဖြစ်ကြ၏။