21. သို့ဖြစ်လျှင် ပညတ်တရားသည် ဘုရားသခင်၏ကတိတော်နှင့် ဆန့်ကျင်ဘက်ဖြစ်သလော။ လုံးဝမဖြစ်ပေ။ အကြောင်းမူကား ပေးအပ်ထားသောပညတ်တရားသည် အသက်ရှင်စေနိုင်သည်ဆိုလျှင် ဖြောင့်မတ်ခြင်းကို ထိုပညတ်တရားအားဖြင့် အမှန်ပင်ရရှိခဲ့ပေလိမ့်မည်။
22. သို့သော် ယေရှုခရစ်တော်ကိုယုံကြည်ခြင်းနှင့်စပ်ဆိုင်သောကတိတော်ကို ယုံကြည်သောသူတို့အားပေးအပ်ရန် ကျမ်းစာသည် လူအပေါင်းတို့ကို အပြစ်တရား၏လက်အောက်တွင် ချုပ်နှောင်ထား၏။
23. သို့ရာတွင် ငါတို့သည် ယုံကြည်ခြင်းတရားရောက်မလာမီ ပညတ်တရားအောက်၌ စောင့်ရှောက်ခြင်းခံရလျက် ယုံကြည်ခြင်းတရားထင်ရှားလာသည်အထိ ချုပ်နှောင်ထားခြင်းခံရကြ၏။
24. ထို့ကြောင့် ပညတ်တရားသည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟုငါတို့အသိအမှတ်ပြုခြင်းခံရရန် ငါတို့ကို ခရစ်တော်ထံသို့ပို့ဆောင်သော ငါတို့၏အုပ်ထိန်းသူဖြစ်၏။
25. သို့သော် ယုံကြည်ခြင်းတရားရောက်လာပြီဖြစ်၍ ငါတို့သည် အုပ်ထိန်းသူ၏လက်အောက်၌ မရှိကြတော့ပေ။
26. အကြောင်းမူကား သင်တို့အားလုံးသည် ခရစ်တော်ယေရှုကိုယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏သားသမီးများဖြစ်ကြ၏။
27. အဘယ်ကြောင့်ဆိုသော် ခရစ်တော်၌ဗတ္တိဇံခံသောသူရှိသမျှတို့သည် ခရစ်တော်ကိုဝတ်ဆင်ကြ၏။
28. သင်တို့အားလုံးသည် ခရစ်တော်ယေရှု၌ တစ်လုံးတစ်ဝတည်းဖြစ်ကြသောကြောင့် ဂျူးလူမျိုးနှင့်ဂရိလူမျိုးဟူ၍မရှိ။ ကျွန်နှင့်လွတ်လပ်သူဟူ၍မရှိ။ ယောက်ျားနှင့်မိန်းမဟူ၍လည်းမရှိ။
29. သင်တို့သည် ခရစ်တော်နှင့်စပ်ဆိုင်လျှင် အာဗြဟံ၏အမျိုးအနွယ်ဖြစ်၍ ကတိတော်အရ အမွေခံများဖြစ်ကြ၏။