18. အကြောင်းမူကား အမွေတော်သည် ပညတ်တရားအပေါ်၌မူတည်လျှင် ကတိတော်အပေါ်၌ မမူတည်တော့ပေ။ သို့သော် ဘုရားသခင်သည် အာဗြဟံအား ထိုအမွေတော်ကို ကတိတော်အားဖြင့် ပေးသနားတော်မူပြီ။
19. သို့ဖြစ်လျှင် ပညတ်တရားသည် အဘယ်ကြောင့်ရှိရသနည်း။ ၎င်းသည် ကတိတော်ကိုခံရသောအမျိုးအနွယ်ပေါ်ထွန်းသည်အထိ ဖောက်ဖျက်ကျူးလွန်မှုများကြောင့် ဖြည့်စွက်ထားခြင်းခံရပြီး ကောင်းကင်တမန်များမှတစ်ဆင့် ကြားဝင်စေ့စပ်သူအားဖြင့် ပြဋ္ဌာန်းခြင်းခံရ၏။
20. ကြားဝင်စေ့စပ်သူသည် တစ်ဖက်နှင့်သာဆိုင်သည်မဟုတ်။ ဘုရားသခင်မူကား တစ်ပါးတည်းဖြစ်တော်မူ၏။
21. သို့ဖြစ်လျှင် ပညတ်တရားသည် ဘုရားသခင်၏ကတိတော်နှင့် ဆန့်ကျင်ဘက်ဖြစ်သလော။ လုံးဝမဖြစ်ပေ။ အကြောင်းမူကား ပေးအပ်ထားသောပညတ်တရားသည် အသက်ရှင်စေနိုင်သည်ဆိုလျှင် ဖြောင့်မတ်ခြင်းကို ထိုပညတ်တရားအားဖြင့် အမှန်ပင်ရရှိခဲ့ပေလိမ့်မည်။
22. သို့သော် ယေရှုခရစ်တော်ကိုယုံကြည်ခြင်းနှင့်စပ်ဆိုင်သောကတိတော်ကို ယုံကြည်သောသူတို့အားပေးအပ်ရန် ကျမ်းစာသည် လူအပေါင်းတို့ကို အပြစ်တရား၏လက်အောက်တွင် ချုပ်နှောင်ထား၏။
23. သို့ရာတွင် ငါတို့သည် ယုံကြည်ခြင်းတရားရောက်မလာမီ ပညတ်တရားအောက်၌ စောင့်ရှောက်ခြင်းခံရလျက် ယုံကြည်ခြင်းတရားထင်ရှားလာသည်အထိ ချုပ်နှောင်ထားခြင်းခံရကြ၏။
24. ထို့ကြောင့် ပညတ်တရားသည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟုငါတို့အသိအမှတ်ပြုခြင်းခံရရန် ငါတို့ကို ခရစ်တော်ထံသို့ပို့ဆောင်သော ငါတို့၏အုပ်ထိန်းသူဖြစ်၏။