10. “ပညတ်တရားကျမ်း၌ ရေးထားသမျှသောအရာတို့ကို အမြဲမကျင့်သုံးသောသူတိုင်းသည် ကျိန်ခြင်းကိုခံရ၏”ဟု ရေးထားသည်ဖြစ်၍ ပညတ်တရားနှင့်ဆိုင်သောအကျင့်ကို အမှီပြုသောသူရှိသမျှတို့သည် ကျိန်ခြင်းအောက်၌ရှိကြ၏။
11. “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်မည်”ဖြစ်သောကြောင့် ပညတ်တရားအားဖြင့် မည်သူမျှ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရမည်မဟုတ်ကြောင်း သိသာထင်ရှား၏။
12. သို့သော် ပညတ်တရားသည် ယုံကြည်ခြင်းနှင့်ဆိုင်သည်မဟုတ်ဘဲ “ပညတ်တရားတို့ကို ကျင့်သုံးသောသူသည် ၎င်းတို့အားဖြင့် အသက်ရှင်မည်”ဖြစ်၏။
13. ခရစ်တော်သည် ငါတို့အတွက် ကျိန်ခြင်းခံရသူဖြစ်ပြီး ငါတို့ကို ပညတ်တရား၏ကျိန်ခြင်းမှ ရွေးနုတ်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် “သစ်တိုင်ပေါ်၌ဆွဲထားခြင်းခံရသူတိုင်း ကျိန်ခြင်းကိုခံရသူဖြစ်၏”ဟု ရေးထား၏။
14. ထိုသို့ ငါတို့ကိုရွေးနုတ်တော်မူခြင်းမှာ အာဗြဟံခံစားရသောကောင်းချီးမင်္ဂလာသည် ခရစ်တော်ယေရှုအားဖြင့် လူမျိုးခြားတို့အပေါ်သို့ သက်ရောက်သဖြင့် ကတိထားတော်မူသောဝိညာဉ်တော်ကို ယုံကြည်ခြင်းအားဖြင့် ငါတို့ခံယူရရှိရန်အတွက်ဖြစ်၏။
15. ညီအစ်ကိုတို့၊ လူ၏ထုံးစံကိုပုံဆောင်၍ ငါပြောမည်။ လူတို့ချုပ်ဆိုထားသောစာချုပ်ပင်လျှင် မည်သူကမျှ ပယ်ဖျက်ခြင်း သို့မဟုတ် ဖြည့်စွက်ခြင်းမပြုရချေ။
16. ဘုရားသခင်သည် အာဗြဟံနှင့်သူ၏အမျိုးအနွယ်အား ကတိပေးတော်မူရာ၌ အများကိုရည်ညွှန်း၍ “အမျိုးအနွယ်တို့”ဟု မိန့်တော်မမူဘဲ တစ်ယောက်သောသူကိုသာရည်ညွှန်း၍ “သင်၏အမျိုးအနွယ်”ဟု မိန့်တော်မူ၏။ ထိုသူကား ခရစ်တော်ဖြစ်၏။
17. ငါဆိုလိုသည်မှာ ဤသို့ဖြစ်၏။ နှစ်ပေါင်းလေးရာသုံးဆယ်လွန်ပြီးမှ ပေါ်လာသည့်ပညတ်တရားသည် ဘုရားသခင်ကြိုတင်ဖွဲ့ထားသောပဋိညာဉ်ကို မပယ်ဖျက်သကဲ့သို့ ကတိတော်ကိုလည်း မပျက်ပြယ်စေနိုင်ရာ။
18. အကြောင်းမူကား အမွေတော်သည် ပညတ်တရားအပေါ်၌မူတည်လျှင် ကတိတော်အပေါ်၌ မမူတည်တော့ပေ။ သို့သော် ဘုရားသခင်သည် အာဗြဟံအား ထိုအမွေတော်ကို ကတိတော်အားဖြင့် ပေးသနားတော်မူပြီ။