1. အို မိုက်မဲသောဂလာတိပြည်သားတို့၊ လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရသော ယေရှုခရစ်တော်သည် သင်တို့မျက်စိရှေ့၌ ထင်ရှားစွာဖော်ပြခြင်းခံရလျက်နှင့် မည်သူက သင်တို့ကိုပြုစားလိုက်သနည်း။
2. ဤအချက်ကိုသာ သင်တို့ထံမှ ငါသိလို၏။ သင်တို့သည် ဝိညာဉ်တော်ကို ပညတ်တရားနှင့်ဆိုင်သောအကျင့်အားဖြင့် ခံယူရရှိကြသလော။ သို့မဟုတ် ကြားနာ၍ယုံကြည်သောအားဖြင့် ခံယူရရှိကြသလော။
3. သင်တို့သည် ဤမျှလောက် မိုက်မဲကြသလော။ ဝိညာဉ်တော်အားဖြင့်အစပြုခဲ့ပြီးမှ ယခု သွေးသားဇာတိအားဖြင့် အဆုံးသတ်လိုကြသလော။
4. သင်တို့သည် ဤမျှလောက် များစွာသောဒုက္ခဝေဒနာကို အချည်းနှီးခံစားခဲ့ကြပြီလော။ ၎င်းသည် အမှန်ပင် အချည်းနှီးဖြစ်သလော။
5. သို့ဖြစ်လျှင် ဝိညာဉ်တော်ကို သင်တို့အားပေးတော်မူ၍ သင်တို့ထဲ၌ တန်ခိုးနှင့်ပြည့်စုံသောအမှုကို ပြုတော်မူသောအရှင်သည် သင်တို့၏ပညတ်တရားနှင့်ဆိုင်သောအကျင့်ကြောင့် ထိုသို့ပြုတော်မူသလော။ သို့မဟုတ် သင်တို့ကြားနာ၍ယုံကြည်သောကြောင့် ထိုသို့ပြုတော်မူသလော။
6. ဤသည်ကား အာဗြဟံသည် ဘုရားသခင်ကိုယုံကြည်သဖြင့် ထိုယုံကြည်ခြင်းကို သူ၏ဖြောင့်မတ်ခြင်းအဖြစ် သတ်မှတ်တော်မူ၏ဟု ဆိုထားသည့်အတိုင်းဖြစ်၏။
7. သို့ဖြစ်၍ ယုံကြည်ခြင်းရှိသောသူတို့သည် အာဗြဟံ၏သားသမီးများဖြစ်ကြသည်ကို သိမှတ်ကြလော့။
8. ဘုရားသခင်သည် လူမျိုးခြားတို့ကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူမည်ဖြစ်ကြောင်း ကျမ်းစာသည် ကြိုတင်သိမြင်၍ အာဗြဟံအား “လူမျိုးအပေါင်းတို့သည် သင့်အားဖြင့် ကောင်းချီးမင်္ဂလာခံစားရလိမ့်မည်”ဟူသည့် ကောင်းမြတ်သောသတင်းကို ကြိုတင်ဟောပြောလေ၏။
9. ထို့ကြောင့် ယုံကြည်ခြင်းရှိသောသူတို့သည် ယုံကြည်သောအာဗြဟံနှင့်အတူ ကောင်းချီးမင်္ဂလာခံစားရကြ၏။
10. “ပညတ်တရားကျမ်း၌ ရေးထားသမျှသောအရာတို့ကို အမြဲမကျင့်သုံးသောသူတိုင်းသည် ကျိန်ခြင်းကိုခံရ၏”ဟု ရေးထားသည်ဖြစ်၍ ပညတ်တရားနှင့်ဆိုင်သောအကျင့်ကို အမှီပြုသောသူရှိသမျှတို့သည် ကျိန်ခြင်းအောက်၌ရှိကြ၏။
11. “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်မည်”ဖြစ်သောကြောင့် ပညတ်တရားအားဖြင့် မည်သူမျှ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရမည်မဟုတ်ကြောင်း သိသာထင်ရှား၏။
12. သို့သော် ပညတ်တရားသည် ယုံကြည်ခြင်းနှင့်ဆိုင်သည်မဟုတ်ဘဲ “ပညတ်တရားတို့ကို ကျင့်သုံးသောသူသည် ၎င်းတို့အားဖြင့် အသက်ရှင်မည်”ဖြစ်၏။
13. ခရစ်တော်သည် ငါတို့အတွက် ကျိန်ခြင်းခံရသူဖြစ်ပြီး ငါတို့ကို ပညတ်တရား၏ကျိန်ခြင်းမှ ရွေးနုတ်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် “သစ်တိုင်ပေါ်၌ဆွဲထားခြင်းခံရသူတိုင်း ကျိန်ခြင်းကိုခံရသူဖြစ်၏”ဟု ရေးထား၏။
14. ထိုသို့ ငါတို့ကိုရွေးနုတ်တော်မူခြင်းမှာ အာဗြဟံခံစားရသောကောင်းချီးမင်္ဂလာသည် ခရစ်တော်ယေရှုအားဖြင့် လူမျိုးခြားတို့အပေါ်သို့ သက်ရောက်သဖြင့် ကတိထားတော်မူသောဝိညာဉ်တော်ကို ယုံကြည်ခြင်းအားဖြင့် ငါတို့ခံယူရရှိရန်အတွက်ဖြစ်၏။
15. ညီအစ်ကိုတို့၊ လူ၏ထုံးစံကိုပုံဆောင်၍ ငါပြောမည်။ လူတို့ချုပ်ဆိုထားသောစာချုပ်ပင်လျှင် မည်သူကမျှ ပယ်ဖျက်ခြင်း သို့မဟုတ် ဖြည့်စွက်ခြင်းမပြုရချေ။