6. ထိုအထင်ကရဖြစ်သောသူတို့သည် ယခင်က မည်ကဲ့သို့သောသူဖြစ်ပါစေ ငါ့အတွက်အကြောင်းမဟုတ်။ ဘုရားသခင်သည် လူ့မျက်နှာကိုထောက်တော်မမူ။ အမှန်စင်စစ် ထိုအထင်ကရဖြစ်သောသူတို့သည် ငါ့အပေါ် မည်သည့်အရာကိုမျှ မဖြည့်စွက်ခဲ့ကြပေ။
7. သို့သော် ကောင်းမြတ်သောသတင်းကို အရေဖျားလှီးထားသောသူတို့အတွက် ပေတရု၌ယုံကြည်အပ်နှံတော်မူသကဲ့သို့ အရေဖျားမလှီးသောသူတို့အတွက် ငါ၌ယုံကြည်အပ်နှံတော်မူကြောင်းကို သူတို့တွေ့မြင်ကြ၏။
8. အကြောင်းမူကား အရေဖျားလှီးထားသောသူတို့၏တမန်တော်ဖြစ်စေရန် ပေတရုအထဲ၌ စီမံလုပ်ဆောင်တော်မူသောအရှင်သည် လူမျိုးခြားတို့၏တမန်တော်ဖြစ်စေရန် ငါ့အထဲ၌လည်း စီမံလုပ်ဆောင်တော်မူ၏။
9. ဤသို့ဖြင့် မဏ္ဍိုင်များဖြစ်သည်ဟု မှတ်ယူခြင်းခံရသော ယာကုပ်၊ ကေဖနှင့် ယောဟန်တို့သည် ငါ့အားပေးထားသော ကျေးဇူးတော်ကိုသိမြင်၍ မိတ်ဖွဲ့ခြင်းလက်ယာလက်ကို ငါနှင့်ဗာနဗတို့အားကမ်းလျက် ငါတို့သည် လူမျိုးခြားထံသို့သွားရန်နှင့် သူတို့မူကား အရေဖျားလှီးထားသောသူထံသို့သွားရန် သဘောတူကြ၏။
10. သူတို့၏တစ်ခုတည်းသောမှာကြားချက်မှာ ဆင်းရဲသားတို့အား ငါတို့သတိရစေရန်ဖြစ်၏။ ထိုအမှုကိုပြုရန် ငါလည်းကြိုးစားအားထုတ်လာခဲ့၏။
11. သို့သော် အန္တိအုတ်မြို့သို့ ကေဖရောက်လာသောအခါ သူ၌အပြစ်တင်စရာရှိသောကြောင့် ငါသည် သူ့ကို မျက်နှာချင်းဆိုင်၍ ပိတ်ပင်တားဆီးရ၏။
12. အကြောင်းမူကား ယာကုပ်ထံမှ လူအချို့ရောက်မလာမီ သူသည် လူမျိုးခြားတို့နှင့်အတူစားသောက်၏။ သို့သော် သူတို့ရောက်လာသောအခါ အရေဖျားလှီးထားသောသူတို့ကိုကြောက်သဖြင့် တွန့်ဆုတ်၍ သီးခြားနေလေ၏။