1. လူတို့ထံမှမဟုတ်၊ လူ့အားဖြင့်လည်းမဟုတ်ဘဲ ယေရှုခရစ်တော်နှင့် ကိုယ်တော်ကို သေသောသူတို့ထဲမှ ထမြောက်စေတော်မူသောခမည်းတော်ဘုရားသခင်အားဖြင့် တမန်တော်ဖြစ်သောငါပေါလုမှစ၍
2. ငါနှင့်အတူရှိသောညီအစ်ကိုအပေါင်းတို့သည် ဂလာတိပြည်၌ရှိသည့် အသင်းတော်များထံသို့ စာရေးလိုက်ပါ၏။
3. ငါတို့အဖဘုရားသခင်နှင့်သခင်ယေရှုခရစ်တော်ထံမှ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။
4. ထိုသခင်သည် ငါတို့အဖဖြစ်တော်မူသောဘုရားသခင်၏အလိုတော်နှင့်အညီ ဆိုးညစ်သောမျက်မှောက်ကာလမှ ငါတို့ကိုကယ်နုတ်ရန် ငါတို့၏အပြစ်အတွက် မိမိကိုယ်ကိုပေးအပ်တော်မူ၏။
5. အဖဘုရားသခင်၌ ကမ္ဘာအဆက်ဆက်ဘုန်းအသရေတော်ရှိပါစေသော။ အာမင်။
6. သင်တို့သည် ခရစ်တော်၏ကျေးဇူးတော်အားဖြင့် သင်တို့ကိုခေါ်ယူတော်မူသောအရှင်ထံမှ ခြားနားသည့်ကောင်းမြတ်သောသတင်းဘက်သို့ ဤမျှလောက်အလျင်အမြန်လှည့်သွားကြသည်ကို ငါအလွန်အံ့ဩမိ၏။
7. ထိုသို့ဆိုသော် အခြားကောင်းမြတ်သောသတင်းရှိသည်မဟုတ်။ လူအချို့တို့သည် သင်တို့ကို မငြိမ်မသက်ဖြစ်စေ၍ ခရစ်တော်၏ကောင်းမြတ်သောသတင်းကို မှောက်လှန်လိုကြခြင်းသာဖြစ်၏။
8. သို့သော် ငါတို့ကဖြစ်စေ၊ ကောင်းကင်မှ ကောင်းကင်တမန်ကဖြစ်စေ သင်တို့အား ငါတို့ဟောပြောသည့်ကောင်းမြတ်သောသတင်းနှင့် ကွဲလွဲခြားနားသည့်အရာကို ဟောပြောလျှင် ထိုသူသည် ကျိန်ခြင်းကိုခံပါစေ။
9. ယခင်က ငါတို့ပြောခဲ့သည့်အတိုင်း ယခုထပ်မံ၍ ငါပြောသည်မှာ မည်သူမဆို သင်တို့လက်ခံခဲ့ပြီးဖြစ်သည့် ကောင်းမြတ်သောသတင်းနှင့် ကွဲလွဲခြားနားသည့်အရာကို ဟောပြောလျှင် ထိုသူသည် ကျိန်ခြင်းကိုခံပါစေ။
10. အကြောင်းမူကား ယခု ငါသည် လူတို့ထံမှမျက်နှာရရန် ကြိုးစားနေသလော။ သို့မဟုတ် ဘုရားသခင်ထံမှမျက်နှာရရန် ကြိုးစားနေသလော။ သို့တည်းမဟုတ် လူတို့ကိုနှစ်သက်စေရန် ကြိုးစားနေသလော။ လူတို့ကိုနှစ်သက်စေရန် ငါကြိုးစားနေသေးလျှင် ငါသည် ခရစ်တော်၏အစေအပါးဖြစ်သည်မဟုတ်။
11. ညီအစ်ကိုတို့၊ ငါဟောပြောသည့်ကောင်းမြတ်သောသတင်းသည် လူကဖန်တီးထားသောအရာမဟုတ်ကြောင်း သင်တို့အား ငါသိစေလိုပါ၏။