1. သို့ဖြစ်၍ သင်တို့သည် ခရစ်တော်နှင့်အတူထမြောက်ကြသည်ဆိုလျှင် ဘုရားသခင်၏လက်ယာတော်ဘက်၌ ထိုင်တော်မူသောခရစ်တော်ရှိရာ အထက်အရပ်၌ရှိသည့်အရာများကို ရှာဖွေကြလော့။
2. မြေကြီးပေါ်၌ရှိသောအရာတို့ကို မစွဲလမ်းဘဲ အထက်အရပ်၌ရှိသောအရာတို့ကို စွဲလမ်းကြလော့။
3. အကြောင်းမှာ သင်တို့သည် သေဆုံးခဲ့ပြီဖြစ်၍ သင်တို့၏အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်၌ဝှက်ထားလျက်ရှိ၏။
4. သင်တို့၏အသက်ဖြစ်သောခရစ်တော်ထင်ရှားတော်မူသောအခါ သင်တို့သည်လည်း ကိုယ်တော်နှင့်အတူ ဘုန်းအသရေ၌ထင်ရှားကြရလိမ့်မည်။
5. ထို့ကြောင့် တရားနှင့်မညီမေထုန်ပြုခြင်း၊ ညစ်ညူးခြင်း၊ ကိလေသာပြင်းပြခြင်း၊ ဆိုးယုတ်သောတပ်မက်ခြင်းနှင့် ရုပ်တုကိုးကွယ်ခြင်းတည်းဟူသော လောဘလွန်ကျူးခြင်း စသည့်မြေကြီးနှင့်ဆိုင်သောကိုယ်အင်္ဂါများကို သေစေကြလော့။
6. ထိုအမှုများကြောင့် ဘုရားသခင်၏အမျက်တော်သည် နာခံမှုမရှိသောသူတို့အပေါ်သို့ သက်ရောက်လာ၏။
7. သင်တို့သည်လည်း ယခင်က ထိုအရာတို့၌ အသက်ရှင်ကြစဉ် ထိုအရာတို့ထဲတွင် ကျင်လည်ခဲ့ကြ၏။
8. ယခုမူကား သင်တို့သည် အမျက်ထွက်ခြင်း၊ ဒေါသကြီးခြင်း၊ မလိုတမာဖြစ်ခြင်း၊ စော်ကားပြောဆိုခြင်းနှင့် သင်တို့၏နှုတ်မှထွက်သည့် ညစ်ညမ်းရိုင်းစိုင်းသောစကား စသည့်အမှုအလုံးစုံတို့ကို ဖယ်ရှားကြလော့။