ကော​လော​သဲ​ဩ​ဝါ​ဒ​စာ 3:1-14 Myanmar Standard Bible (MSB)

1. သို့​ဖြစ်​၍ သင်​တို့​သည် ခ​ရစ်​တော်​နှင့်​အ​တူ​ထ​မြောက်​ကြ​သည်​ဆို​လျှင် ဘု​ရား​သ​ခင်​၏​လက်​ယာ​တော်​ဘက်​၌ ထိုင်​တော်​မူ​သော​ခ​ရစ်​တော်​ရှိ​ရာ အ​ထက်​အ​ရပ်​၌​ရှိ​သည့်​အ​ရာ​များ​ကို ရှာ​ဖွေ​ကြ​လော့။

2. မြေ​ကြီး​ပေါ်​၌​ရှိ​သော​အ​ရာ​တို့​ကို မ​စွဲ​လမ်း​ဘဲ အ​ထက်​အ​ရပ်​၌​ရှိ​သော​အ​ရာ​တို့​ကို စွဲ​လမ်း​ကြ​လော့။

3. အ​ကြောင်း​မှာ သင်​တို့​သည် သေ​ဆုံး​ခဲ့​ပြီ​ဖြစ်​၍ သင်​တို့​၏​အ​သက်​သည် ခ​ရစ်​တော်​နှင့်​အ​တူ ဘု​ရား​သ​ခင်​၌​ဝှက်​ထား​လျက်​ရှိ​၏။

4. သင်​တို့​၏​အ​သက်​ဖြစ်​သော​ခ​ရစ်​တော်​ထင်​ရှား​တော်​မူ​သော​အ​ခါ သင်​တို့​သည်​လည်း ကိုယ်​တော်​နှင့်​အ​တူ ဘုန်း​အ​သ​ရေ​၌​ထင်​ရှား​ကြ​ရ​လိမ့်​မည်။

5. ထို့​ကြောင့် တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ခြင်း၊ ညစ်​ညူး​ခြင်း၊ ကိ​လေ​သာ​ပြင်း​ပြ​ခြင်း၊ ဆိုး​ယုတ်​သော​တပ်​မက်​ခြင်း​နှင့် ရုပ်​တု​ကိုး​ကွယ်​ခြင်း​တည်း​ဟူ​သော လော​ဘ​လွန်​ကျူး​ခြင်း စ​သည့်​မြေ​ကြီး​နှင့်​ဆိုင်​သော​ကိုယ်အင်္ဂါ​များ​ကို သေ​စေ​ကြ​လော့။

6. ထို​အ​မှု​များ​ကြောင့် ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​သည် နာ​ခံ​မှု​မ​ရှိ​သော​သူ​တို့​အ​ပေါ်​သို့ သက်​ရောက်​လာ​၏။

7. သင်​တို့​သည်​လည်း ယ​ခင်​က ထို​အ​ရာ​တို့​၌ အ​သက်​ရှင်​ကြ​စဉ် ထို​အ​ရာ​တို့​ထဲ​တွင် ကျင်​လည်​ခဲ့​ကြ​၏။

8. ယ​ခု​မူ​ကား သင်​တို့​သည် အ​မျက်​ထွက်​ခြင်း၊ ဒေါ​သ​ကြီး​ခြင်း၊ မ​လို​တ​မာ​ဖြစ်​ခြင်း၊ စော်​ကား​ပြော​ဆို​ခြင်း​နှင့် သင်​တို့​၏​နှုတ်​မှ​ထွက်​သည့် ညစ်​ညမ်း​ရိုင်း​စိုင်း​သော​စ​ကား စ​သည့်​အ​မှု​အ​လုံး​စုံ​တို့​ကို ဖယ်​ရှား​ကြ​လော့။

9. အ​ချင်း​ချင်း​မ​လိမ်​ညာ​ကြ​နှင့်။ အ​ကြောင်း​မူ​ကား သင်​တို့​သည် လူ​ဟောင်း​ကို ၎င်း​၏​အ​ကျင့်​များ​နှင့်​အ​တူ​ချွတ်​ပယ်​၍

10. ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​၏​ပုံ​သဏ္ဌာန်​နှင့်​အ​ညီ စစ်​မှန်​သော​အ​သိ​ပ​ညာ​အား​ဖြင့် အ​သစ်​ပြု​ပြင်​ခြင်း​ခံ​ရ​သော​လူ​သစ်​ကို ဝတ်​ဆင်​ကြ​ပြီ​ဖြစ်​၏။

11. ထို​သို့​ဖန်​ဆင်း​ပြု​ပြင်​ရာ​၌ ဂ​ရိ​လူ​မျိုး​နှင့်​ဂျူး​လူ​မျိုး၊ အ​ရေ​ဖျား​လှီး​ထား​သော​သူ​နှင့်​မ​လှီး​ထား​သော​သူ၊ သ​ကု​သိ​လူ​နှင့်​လူ​ရိုင်း၊ ကျွန်​နှင့်​လွတ်​လပ်​သူ​ဟူ​၍​မ​ရှိ။ ခ​ရစ်​တော်​သည် အ​လုံး​စုံ​ဖြစ်​ပြီး အ​လုံး​စုံ​တို့​၌​ရှိ​တော်​မူ​၏။

12. ထို့​ကြောင့် သင်​တို့​သည် ဘု​ရား​သ​ခင်​ရွေး​ကောက်​တော်​မူ​သော​သူ​များ၊ သန့်​ရှင်း​သော​သူ​များ​နှင့် ချစ်​တော်​မူ​သော​သူ​များ​ဖြစ်​ကြ​သည့်​အ​လျောက် ကြင်​နာ​ခြင်း​နှင့်​ပြည့်​ဝ​သည့်​သက်​ညှာ​ခြင်း၊ ကျေး​ဇူး​ပြု​ခြင်း၊ စိတ်​နှိမ့်​ချ​ခြင်း၊ နူး​ညံ့​သိမ်​မွေ့​ခြင်း​နှင့် စိတ်​ရှည်​သည်း​ခံ​ခြင်း​တို့​ကို ဝတ်​ဆင်​ကြ​လော့။

13. အ​ချင်း​ချင်း​သည်း​ခံ​၍ တစ်​ဦး​အ​ပေါ်​တစ်​ဦး​အ​ပြစ်​တင်​စ​ရာ​ရှိ​လျှင် သ​ခင်​ဘု​ရား​သည် သင်​တို့​ကို​ခွင့်​လွှတ်​တော်​မူ​သ​ကဲ့​သို့ သင်​တို့​သည်​လည်း အ​ချင်း​ချင်း​ခွင့်​လွှတ်​ကြ​လော့။

14. ဤ​အ​ရာ​အား​လုံး​တို့​အ​ပေါ်​၌ စုံ​လင်​ခြင်း​၏​နှောင်​ကြိုး​ဖြစ်​သော ချစ်​ခြင်း​မေတ္တာ​ကို ဝတ်​ဆင်​ကြ​လော့။

ကော​လော​သဲ​ဩ​ဝါ​ဒ​စာ 3