ကော​လော​သဲ​ဩ​ဝါ​ဒ​စာ 2:11-23 Myanmar Standard Bible (MSB)

11. ခ​ရစ်​တော်​နှင့်​ဆိုင်​သော​အ​ရေ​ဖျား​လှီး​ခြင်း​အား​ဖြင့် သွေး​သား​ဇာ​တိ​နှင့်​ဆိုင်​သော​ကိုယ်​ခန္ဓာ​ကို​ချွတ်​ပယ်​၍ လူ့​လက်​ဖြင့်​မ​ဟုတ်​သော​အ​ရေ​ဖျား​လှီး​ခြင်း​ကို ထို​သ​ခင်​၌​ခံ​ယူ​ကြ​၏။

12. သင်​တို့​သည် ဗတ္တိ​ဇံ​အား​ဖြင့် ကိုယ်​တော်​နှင့်​အ​တူ​သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ရ​လျက် ခ​ရစ်​တော်​ကို သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​စေ​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော်​ကို ယုံ​ကြည်​သော​အား​ဖြင့် ထို​သ​ခင်​နှင့်​အ​တူ ထ​မြောက်​စေ​ခြင်း​ကို​ခံ​ရ​ကြ​၏။

13. ကျူး​လွန်​သော​အ​ပြစ်​များ​နှင့် ကိုယ်​ကာ​ယ​၏​အ​ရေ​ဖျား​မ​လှီး​ခြင်း​အ​ဖြစ်​၌ သေ​နေ​သော​သင်​တို့​ကို ဘု​ရား​သ​ခင်​သည် ခ​ရစ်​တော်​နှင့်​အ​တူ​အ​သက်​ရှင်​စေ​တော်​မူ​၍ ငါ​တို့​ကျူး​လွန်​သော​အ​ပြစ်​အ​လုံး​စုံ​တို့​ကို ခွင့်​လွှတ်​တော်​မူ​ပြီး

14. ငါ​တို့​ကို​ဆန့်​ကျင်​၍​အ​ပြစ်​ရှာ​တတ်​သော​စည်း​မျဉ်း​များ​ပါ​သည့် က​တိ​ခံ​ဝန်​ချက်​ကို ပယ်​ဖျက်​ကာ ၎င်း​ကို လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​ရိုက်​ထား​လျက် ဖယ်​ရှား​တော်​မူ​၏။

15. အုပ်​ချုပ်​မှု​များ​နှင့်​အာ​ဏာ​စက်​များ​ကို​လည်း အ​စွမ်း​မဲ့​စေ​၍ လက်​ဝါး​ကပ်​တိုင်​အား​ဖြင့် ၎င်း​တို့​ကို အောင်​ပွဲ​ခံ​လျက် အ​များ​တ​ကာ​ရှေ့​တွင် ထင်​ရှား​စွာ​အ​ရှက်​ကွဲ​စေ​တော်​မူ​၏။

16. ထို့​ကြောင့် အ​စား​အ​သောက်​နှင့်​ပတ်​သက်​၍​ဖြစ်​စေ၊ ပွဲ​နေ့၊ လ​ဆန်း​နေ့ သို့​မ​ဟုတ် ဥ​ပုသ်​နေ့​တို့​နှင့်​ပတ်​သက်​၍​ဖြစ်​စေ မည်​သူ​မျှ သင်​တို့​ကို​မ​စီ​ရင်​စေ​နှင့်။

17. ၎င်း​တို့​သည် ဖြစ်​လာ​မည့်​အ​ရာ​များ​၏​အ​ရိပ်​မျှ​သာ​ဖြစ်​ကြ​ပြီး အ​ကောင်​အ​ထည်​အ​စစ်​မူ​ကား ခ​ရစ်​တော်​၌​ရှိ​၏။

18. မိ​မိ​ကိုယ်​ကို​ချိုး​နှိမ်​ခြင်း၊ ကောင်း​ကင်​တ​မန်​များ​ကို​ကိုး​ကွယ်​ခြင်း​တို့​၌ မွေ့​လျော်​နေ​သော​သူ​တစ်​စုံ​တစ်​ဦး​ကြောင့် သင်​တို့​သည် ဆု​နှင့်​လွဲ​ရ​သည့်​အ​ဖြစ်​မျိုး​ကို အ​ဖြစ်​မ​ခံ​ကြ​နှင့်။ ထို​သူ​တို့​သည် မြင်​မက်​သော​အ​ရာ​တို့​ကို နှိုက်​နှိုက်​ချွတ်​ချွတ်​စူး​စမ်း​၍ မိ​မိ​၏​သွေး​သား​ဇာ​တိ​နှင့်​ဆိုင်​သော စိတ်​နှ​လုံး​အား​ဖြင့် အ​ချည်း​နှီး​ထောင်​လွှား​ကာ

19. ဦး​ခေါင်း​တော်​၌ စွဲ​မြဲ​ခြင်း​မ​ရှိ​ကြ။ ထို​ဦး​ခေါင်း​တော်​မှ​တစ်​ဆင့် ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည် အ​ကြော​အ​ဆစ်​များ​အား​ဖြင့် ထောက်​မ​ခြင်း​နှင့်​ပေါင်း​စည်း​ခြင်း​ကို​ခံ​ရ​လျက် ဘု​ရား​သ​ခင်​ကြီး​ထွား​စေ​တော်​မူ​သည့်​အ​တိုင်း ကြီး​ထွား​၏။

20. သင်​တို့​သည် ခ​ရစ်​တော်​နှင့်​အ​တူ​သေ​ဆုံး​၍ လော​က​၏​အ​ခြေ​ခံ​တ​ရား​မှ ခွဲ​ခွာ​ခဲ့​သည်​ဆို​လျှင် အ​ဘယ်​ကြောင့် လော​က​၌​အ​သက်​ရှင်​နေ​သ​ကဲ့​သို့

21. မ​ထိ​နှင့်၊ မ​မြည်း​နှင့်၊ မ​ကိုင်​နှင့်​ဟူ​သော စည်း​မျဉ်း​များ​ကို​လိုက်​နာ​ကြ​သ​နည်း။

22. ထို​အ​ရာ​အား​လုံး​တို့​သည် လူ​တို့​၏​ပ​ညတ်​ချက်​နှင့်​သွန်​သင်​ချက်​များ​ဖြစ်​ကြ​သည်​နှင့်​အ​ညီ အ​သုံး​ပြု​ရင်း ပျက်​စီး​သွား​မည့်​အ​ရာ​များ​ဖြစ်​ကြ​၏။

23. ထို​အ​ရာ​တို့​သည် ထင်​ရာ​မြင်​ရာ​ကိုး​ကွယ်​ခြင်း၊ မိ​မိ​ကိုယ်​ကို​ချိုး​နှိမ်​ခြင်း​နှင့် ကိုယ်​ခန္ဓာ​ကို​နှိပ်​စက်​ခြင်း​တို့​ပါ​၍ ဉာဏ်​ပ​ညာ​ရှိ​ဟန်​ပေါ်​သော်​လည်း သွေး​သား​ဇာ​တိ​၏​တပ်​မက်​မှု​ကို ချုပ်​တည်း​ရာ​၌ မည်​သည့်​အ​ကျိုး​မျှ​မ​ပြု​ချေ။

ကော​လော​သဲ​ဩ​ဝါ​ဒ​စာ 2