1. ငါသည် သင်တို့နှင့် လောဒိကိမြို့တွင်ရှိသောသူတို့မှစ၍ ငါ့ကို လူချင်းမမြင်ဖူးသောသူတို့အတွက် မည်မျှလောက်ရုန်းကန်ကြိုးစားနေသည်ကို သင်တို့အား သိစေလိုပါ၏။
2. ဤသည်ကား သူတို့သည် စိတ်နှလုံးနှစ်သိမ့်မှုကိုခံစားရ၍ ချစ်ခြင်းမေတ္တာ၌ ပေါင်းစည်းခြင်းခံရကာ ဉာဏ်စွမ်းနှင့်ဆိုင်သောစိတ်ချမှုနှင့်ကြွယ်ဝပြည့်စုံသဖြင့် ဘုရားသခင်၏လျှို့ဝှက်နက်နဲသောအရာတည်းဟူသော ခရစ်တော်ကိုသိကြမည့်အကြောင်းတည်း။
3. ထိုခရစ်တော်ထဲ၌ ဉာဏ်ပညာနှင့်အသိပညာတို့၏ရတနာရှိသမျှတို့သည် ဖုံးကွယ်လျက်ရှိကြ၏။
4. မည်သူမျှ သင်တို့ကို ဖြားယောင်းသောစကားဖြင့် မလှည့်စားစေရန် ဤသို့ ငါပြောဆို၏။
5. အကြောင်းမူကား ငါသည် ကိုယ်ခန္ဓာအားဖြင့် သင်တို့နှင့်ကွဲကွာနေသော်လည်း စိတ်ဝိညာဉ်အားဖြင့်မူကား သင်တို့နှင့်အတူရှိ၍ သင်တို့၏အစီအစဉ်တကျရှိခြင်းနှင့် ခရစ်တော်အပေါ် သင်တို့၏ယုံကြည်ခြင်းခိုင်မာမှုတို့ကိုတွေ့သဖြင့် ဝမ်းမြောက်၏။
6. ထို့ကြောင့် သင်တို့သည် သခင်ခရစ်တော်ယေရှုကို လက်ခံကြသည်နှင့်အညီ ထိုသခင်၌ အသက်ရှင်လျှောက်လှမ်းကြလော့။
7. ကိုယ်တော်၌အမြစ်တွယ်၍ တည်ဆောက်ခြင်းခံရကာ သင်တို့သင်ယူခဲ့သည့်အတိုင်း ယုံကြည်ခြင်း၌တည်မြဲလျက် ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်ပြည့်စုံကြလော့။
8. ခရစ်တော်၏တရား၌အခြေမပြုဘဲ လောက၏အခြေခံတရားနှင့် လူတို့၏ဓလေ့ထုံးတမ်း၌အခြေပြုသော အတွေးအခေါ်ပညာနှင့် အနှစ်သာရကင်းမဲ့သောလှည့်ဖြားမှုတို့ဖြင့် မည်သူကမျှ သင်တို့ကိုမလွှမ်းမိုးမသိမ်းသွင်းစေရန် သတိပြုကြလော့။