9. ထို့ကြောင့် ငါတို့သည်လည်း ကြားရသည့်နေ့မှစ၍ သင်တို့အတွက် အစဉ်မပြတ်ဆုတောင်းလျက် သင်တို့သည် ဝိညာဉ်ရေးဆိုင်ရာဉာဏ်ပညာနှင့် တတ်သိနားလည်မှုအလုံးစုံတို့ဖြင့် ဘုရားသခင်၏အလိုတော်ကိုသိသောဉာဏ်နှင့်ပြည့်ဝ၍
10. ကောင်းသောအမှုအမျိုးမျိုးတည်းဟူသော အသီးကိုသီးကာ ဘုရားသခင်ကိုသိသောဉာဏ်၌ကြီးထွားသဖြင့် အရာရာ၌ သခင်ဘုရားကိုနှစ်သက်စေ၍ ကိုယ်တော်နှင့်ထိုက်တန်စွာ အသက်ရှင်လျှောက်လှမ်းနိုင်မည့်အကြောင်း တောင်းလျှောက်ကြ၏။
11. ထို့ပြင် သင်တို့သည် ကိုယ်တော်၏ဘုန်းအသရေနှင့်ပြည့်စုံသော တန်ခိုးအရှိန်အဝါနှင့်အညီ တန်ခိုးတော်ရှိသမျှတို့ဖြင့် အားဖြည့်ခြင်းကိုခံရလျက် သည်းခံခြင်းနှင့်စိတ်ရှည်ခြင်းအပြည့်အဝရှိသဖြင့်
12. သင်တို့ကို အလင်းထဲ၌ရှိသော သန့်ရှင်းသူများ၏ဝေစု၌ပါဝင်ရန် ထိုက်တန်သူဖြစ်စေတော်မူသောခမည်းတော်ကို ဝမ်းမြောက်သောစိတ်နှင့် ကျေးဇူးတင်ကြမည့်အကြောင်း တောင်းလျှောက်ကြ၏။
13. ခမည်းတော်သည် ငါတို့ကို မှောင်မိုက်ခြင်း၏အာဏာစက်မှ ကယ်နုတ်၍ မိမိချစ်တော်မူသော သားတော်၏နိုင်ငံတော်ထဲသို့ ရွှေ့ပြောင်းပို့ဆောင်တော်မူ၏။
14. ငါတို့သည် ထိုသားတော်အားဖြင့် ရွေးနုတ်ခြင်းတည်းဟူသော အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးကို ရရှိကြ၏။
15. သားတော်သည် မမြင်ရသောဘုရားသခင်၏ပုံသဏ္ဌာန်တော်ဖြစ်ပြီး ဖန်ဆင်းတော်မူသောအရာအားလုံးတို့တွင် သားဦးဖြစ်တော်မူ၏။
16. အကြောင်းမူကား ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း ရှိသမျှသောမြင်ရသည့်အရာနှင့်မမြင်ရသည့်အရာများ၊ ရာဇပလ္လင်များဖြစ်စေ၊ စိုးပိုင်ခွင့်များဖြစ်စေ၊ အုပ်ချုပ်မှုများဖြစ်စေ၊ အာဏာစက်များဖြစ်စေ သားတော်အားဖြင့် ဖန်ဆင်းခြင်းခံရ၏။ ခပ်သိမ်းသောအရာတို့သည် သားတော်အားဖြင့်လည်းကောင်း၊ သားတော်အတွက်လည်းကောင်း ဖန်ဆင်းခြင်းခံရ၏။
17. သားတော်သည် ခပ်သိမ်းသောအရာတို့ထက် အလျင်ဦးစွာရှိနှင့်တော်မူ၍ ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်၌စုပေါင်းတည်ရှိကြ၏။
18. ကိုယ်တော်သည် အသင်းတော်တည်းဟူသော ကိုယ်ခန္ဓာတော်၏ဦးခေါင်းဖြစ်တော်မူ၍ ခပ်သိမ်းသောအရာတို့၌ အထွတ်အထိပ်ဖြစ်မည့်အကြောင်း အစအဦးဖြစ်တော်မူပြီး သေသောသူတို့ထဲမှ အဦးဆုံးဖွားမြင်လာသူဖြစ်တော်မူ၏။
19. အကြောင်းမူကား ဘုရားသခင်သည် ခပ်သိမ်းသောပြည့်စုံခြင်းကို သားတော်၌ ကိန်းဝပ်စေရန်လည်းကောင်း၊