24. ငါသည် သင်တို့အတွက်ခံရသောဒုက္ခဝေဒနာ၌ ယခုဝမ်းမြောက်၍ ခရစ်တော်၏ဆင်းရဲဒုက္ခတွင် လိုအပ်သေးသည့်အပိုင်းကို ကိုယ်တော်၏ကိုယ်ခန္ဓာတည်းဟူသောအသင်းတော်အတွက် ငါ၏ကိုယ်ကာယ၌ ဖြည့်ဆည်းလျက်ရှိ၏။
25. ဘုရားသခင်၏နှုတ်ကပတ်တော်ကို အပြည့်အဝဟောပြောစေရန် သင်တို့အတွက် ငါ့အားပေးတော်မူသော ဘုရားသခင်၏စီမံခန့်ခွဲမှုနှင့်အညီ ငါသည် ထိုအသင်းတော်၏အမှုတော်ဆောင်ဖြစ်လာ၏။
26. ထိုနှုတ်ကပတ်တော်သည် ရှေးကာလများမှစ၍ ခေတ်ကာလအစဉ်အဆက်ဝှက်ထားခြင်းခံရသော်လည်း ယခုအခါ မိမိ၏သန့်ရှင်းသူတို့အား ဖွင့်ပြတော်မူသည့် လျှို့ဝှက်နက်နဲသောအရာဖြစ်၏။
27. ဤလျှို့ဝှက်နက်နဲသောအရာသည် လူမျိုးခြားတို့တွင် ဘုန်းအသရေနှင့်မည်မျှကြွယ်ဝသည်ကို သန့်ရှင်းသူတို့အားသိစေရန် ဘုရားသခင်အလိုရှိတော်မူ၏။ ဤလျှို့ဝှက်နက်နဲသောအရာမှာ ဘုန်းအသရေတော်နှင့်ဆိုင်သောမျှော်လင့်ခြင်းဖြစ်သည့် သင်တို့ထဲ၌ရှိတော်မူသောခရစ်တော်ဖြစ်၏။
28. ငါတို့သည် လူတိုင်းကို ခရစ်တော်၌စုံလင်ရင့်ကျက်သောသူအဖြစ် ဆက်သနိုင်ရန် လူတိုင်းကို သတိပေးဆုံးမကာ ဉာဏ်ပညာရှိသမျှတို့ဖြင့် လူတိုင်းကို သွန်သင်လျက် ထိုသခင်အကြောင်းကို ဟောပြောကြ၏။
29. ငါသည်လည်း တန်ခိုးတော်အားဖြင့် ငါ့အထဲ၌လုပ်ဆောင်နေသည့် ကိုယ်တော်၏လုပ်ဆောင်မှုအတိုင်း ထိုအမှုအတွက် ကြိုးစားအားထုတ်နေ၏။