1. ဘုရားသခင်၏အလိုတော်အားဖြင့် ခရစ်တော်ယေရှု၏တမန်တော်ဖြစ်သော ငါပေါလုနှင့် ငါ့ညီတိမောသေတို့သည်
2. ကောလောသဲမြို့တွင်နေကြသည့် သန့်ရှင်းသူများတည်းဟူသော ခရစ်တော်၌ရှိသောသစ္စာရှိသည့်ညီအစ်ကိုများထံသို့ စာရေးလိုက်ပါ၏။ ငါတို့အဖဘုရားသခင်ထံမှ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။
3. ငါတို့သည် သင်တို့အတွက် အစဉ်အမြဲဆုတောင်းလျက် ငါတို့သခင်ယေရှုခရစ်တော်၏ခမည်းတော်တည်းဟူသော ဘုရားသခင်ကို ကျေးဇူးတင်ကြ၏။
4. အကြောင်းမှာ ခရစ်တော်ယေရှုအပေါ်၌ရှိသောသင်တို့၏ယုံကြည်ခြင်းနှင့် သန့်ရှင်းသူအပေါင်းတို့အပေါ် သင်တို့ထားရှိသည့် ချစ်ခြင်းမေတ္တာအကြောင်းကို ငါတို့ကြားရသောကြောင့်ဖြစ်၏။
5. ထိုယုံကြည်ခြင်းနှင့်ချစ်ခြင်းမေတ္တာတို့သည် သင်တို့အတွက် ကောင်းကင်ဘုံ၌သိုမှီးထားသော မျှော်လင့်ခြင်းကြောင့်ဖြစ်ပေါ်လာ၍ ထိုမျှော်လင့်ခြင်းအကြောင်းကို သင်တို့ထံသို့ရောက်လာသည့် ကောင်းမြတ်သောသတင်းနှင့်ဆိုင်သော သမ္မာတရား၏နှုတ်ကပတ်တော်၌ သင်တို့ကြားခဲ့ကြရပြီ။
6. ထိုသတင်းသည် ကမ္ဘာတစ်ဝန်းလုံး၌ အသီးသီးကာ တိုးပွားလျက်ရှိသကဲ့သို့ ၎င်းကိုသင်တို့ကြားနာလျက် ဘုရားသခင်၏ကျေးဇူးတော်ကို မှန်ကန်စွာသိရှိရသောနေ့မှစ၍ သင်တို့ထဲ၌လည်း အသီးသီးကာ တိုးပွားလျက်ရှိ၏။
7. သင်တို့သည် ထိုသတင်းကို ငါတို့၏အစေအပါးချင်းဖြစ်သည့် ချစ်ရသောဧပဖြထံမှ ကြားသိခဲ့၏။ သူသည် သင်တို့အတွက် ခရစ်တော်၏ သစ္စာရှိသောအမှုတော်ဆောင်ဖြစ်၍
8. ဝိညာဉ်တော်အားဖြင့်ဖြစ်လာသော သင်တို့၏ချစ်ခြင်းမေတ္တာအကြောင်းကို ငါတို့အားပြောပြ၏။
9. ထို့ကြောင့် ငါတို့သည်လည်း ကြားရသည့်နေ့မှစ၍ သင်တို့အတွက် အစဉ်မပြတ်ဆုတောင်းလျက် သင်တို့သည် ဝိညာဉ်ရေးဆိုင်ရာဉာဏ်ပညာနှင့် တတ်သိနားလည်မှုအလုံးစုံတို့ဖြင့် ဘုရားသခင်၏အလိုတော်ကိုသိသောဉာဏ်နှင့်ပြည့်ဝ၍
10. ကောင်းသောအမှုအမျိုးမျိုးတည်းဟူသော အသီးကိုသီးကာ ဘုရားသခင်ကိုသိသောဉာဏ်၌ကြီးထွားသဖြင့် အရာရာ၌ သခင်ဘုရားကိုနှစ်သက်စေ၍ ကိုယ်တော်နှင့်ထိုက်တန်စွာ အသက်ရှင်လျှောက်လှမ်းနိုင်မည့်အကြောင်း တောင်းလျှောက်ကြ၏။
11. ထို့ပြင် သင်တို့သည် ကိုယ်တော်၏ဘုန်းအသရေနှင့်ပြည့်စုံသော တန်ခိုးအရှိန်အဝါနှင့်အညီ တန်ခိုးတော်ရှိသမျှတို့ဖြင့် အားဖြည့်ခြင်းကိုခံရလျက် သည်းခံခြင်းနှင့်စိတ်ရှည်ခြင်းအပြည့်အဝရှိသဖြင့်
12. သင်တို့ကို အလင်းထဲ၌ရှိသော သန့်ရှင်းသူများ၏ဝေစု၌ပါဝင်ရန် ထိုက်တန်သူဖြစ်စေတော်မူသောခမည်းတော်ကို ဝမ်းမြောက်သောစိတ်နှင့် ကျေးဇူးတင်ကြမည့်အကြောင်း တောင်းလျှောက်ကြ၏။
13. ခမည်းတော်သည် ငါတို့ကို မှောင်မိုက်ခြင်း၏အာဏာစက်မှ ကယ်နုတ်၍ မိမိချစ်တော်မူသော သားတော်၏နိုင်ငံတော်ထဲသို့ ရွှေ့ပြောင်းပို့ဆောင်တော်မူ၏။
14. ငါတို့သည် ထိုသားတော်အားဖြင့် ရွေးနုတ်ခြင်းတည်းဟူသော အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးကို ရရှိကြ၏။
15. သားတော်သည် မမြင်ရသောဘုရားသခင်၏ပုံသဏ္ဌာန်တော်ဖြစ်ပြီး ဖန်ဆင်းတော်မူသောအရာအားလုံးတို့တွင် သားဦးဖြစ်တော်မူ၏။