ကော​လော​သဲ​ဩ​ဝါ​ဒ​စာ 1:1-10 Myanmar Standard Bible (MSB)

1. ဘု​ရား​သ​ခင်​၏​အ​လို​တော်​အား​ဖြင့် ခ​ရစ်​တော်​ယေ​ရှု​၏​တ​မန်​တော်​ဖြစ်​သော ငါ​ပေါ​လု​နှင့် ငါ့​ညီ​တိ​မော​သေ​တို့​သည်

2. ကော​လော​သဲ​မြို့​တွင်​နေ​ကြ​သည့် သန့်​ရှင်း​သူ​များ​တည်း​ဟူ​သော ခ​ရစ်​တော်​၌​ရှိ​သော​သစ္စာ​ရှိ​သည့်​ညီ​အစ်​ကို​များ​ထံ​သို့ စာ​ရေး​လိုက်​ပါ​၏။ ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​ထံ​မှ ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါ​စေ​သော။

3. ငါ​တို့​သည် သင်​တို့​အ​တွက် အ​စဉ်​အ​မြဲ​ဆု​တောင်း​လျက် ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​ခ​မည်း​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင်​ကို ကျေး​ဇူး​တင်​ကြ​၏။

4. အ​ကြောင်း​မှာ ခ​ရစ်​တော်​ယေ​ရှု​အ​ပေါ်​၌​ရှိ​သော​သင်​တို့​၏​ယုံ​ကြည်​ခြင်း​နှင့် သန့်​ရှင်း​သူ​အ​ပေါင်း​တို့​အ​ပေါ် သင်​တို့​ထား​ရှိ​သည့် ချစ်​ခြင်း​မေတ္တာ​အ​ကြောင်း​ကို ငါ​တို့​ကြား​ရ​သော​ကြောင့်​ဖြစ်​၏။

5. ထို​ယုံ​ကြည်​ခြင်း​နှင့်​ချစ်​ခြင်း​မေတ္တာ​တို့​သည် သင်​တို့​အ​တွက် ကောင်း​ကင်​ဘုံ​၌​သို​မှီး​ထား​သော မျှော်​လင့်​ခြင်း​ကြောင့်​ဖြစ်​ပေါ်​လာ​၍ ထို​မျှော်​လင့်​ခြင်း​အ​ကြောင်း​ကို သင်​တို့​ထံ​သို့​ရောက်​လာ​သည့် ကောင်း​မြတ်​သော​သ​တင်း​နှင့်​ဆိုင်​သော သမ္မာ​တ​ရား​၏​နှုတ်​က​ပတ်​တော်​၌ သင်​တို့​ကြား​ခဲ့​ကြ​ရ​ပြီ။

6. ထို​သ​တင်း​သည် ကမ္ဘာ​တစ်​ဝန်း​လုံး​၌ အ​သီး​သီး​ကာ တိုး​ပွား​လျက်​ရှိ​သ​ကဲ့​သို့ ၎င်း​ကို​သင်​တို့​ကြား​နာ​လျက် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို မှန်​ကန်​စွာ​သိ​ရှိ​ရ​သော​နေ့​မှ​စ​၍ သင်​တို့​ထဲ​၌​လည်း အ​သီး​သီး​ကာ တိုး​ပွား​လျက်​ရှိ​၏။

7. သင်​တို့​သည် ထို​သ​တင်း​ကို ငါ​တို့​၏​အ​စေ​အ​ပါး​ချင်း​ဖြစ်​သည့် ချစ်​ရ​သော​ဧ​ပ​ဖြ​ထံ​မှ ကြား​သိ​ခဲ့​၏။ သူ​သည် သင်​တို့​အ​တွက် ခ​ရစ်​တော်​၏ သစ္စာ​ရှိ​သော​အ​မှု​တော်​ဆောင်​ဖြစ်​၍

8. ဝိ​ညာဉ်​တော်​အား​ဖြင့်​ဖြစ်​လာ​သော သင်​တို့​၏​ချစ်​ခြင်း​မေတ္တာ​အ​ကြောင်း​ကို ငါ​တို့​အား​ပြော​ပြ​၏။

9. ထို့​ကြောင့် ငါ​တို့​သည်​လည်း ကြား​ရ​သည့်​နေ့​မှ​စ​၍ သင်​တို့​အ​တွက် အ​စဉ်​မ​ပြတ်​ဆု​တောင်း​လျက် သင်​တို့​သည် ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​ဉာဏ်​ပ​ညာ​နှင့် တတ်​သိ​နား​လည်​မှု​အ​လုံး​စုံ​တို့​ဖြင့် ဘု​ရား​သ​ခင်​၏​အ​လို​တော်​ကို​သိ​သော​ဉာဏ်​နှင့်​ပြည့်​ဝ​၍

10. ကောင်း​သော​အ​မှု​အ​မျိုး​မျိုး​တည်း​ဟူ​သော အ​သီး​ကို​သီး​ကာ ဘု​ရား​သ​ခင်​ကို​သိ​သော​ဉာဏ်​၌​ကြီး​ထွား​သ​ဖြင့် အ​ရာ​ရာ​၌ သ​ခင်​ဘု​ရား​ကို​နှစ်​သက်​စေ​၍ ကိုယ်​တော်​နှင့်​ထိုက်​တန်​စွာ အ​သက်​ရှင်​လျှောက်​လှမ်း​နိုင်​မည့်​အ​ကြောင်း တောင်း​လျှောက်​ကြ​၏။

ကော​လော​သဲ​ဩ​ဝါ​ဒ​စာ 1