ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 9:17-27 Myanmar Standard Bible (MSB)

17. ထို​အ​မှု​ကို ငါ​၏​ဆန္ဒ​အ​လျောက်​ဆောင်​ရွက်​လျှင် ငါ့​အ​တွက် ဆု​လာဘ်​ရှိ​၏။ သို့​သော် ငါ​၏​ဆန္ဒ​အ​လျောက်​မ​ဟုတ်​လျှင်​လည်း ဤ​စီ​မံ​ခန့်​ခွဲ​မှု​ကို ငါ​၌​ယုံ​ကြည်​အပ်​နှံ​ထား​ပြီ​ဖြစ်​၏။

18. သို့​ဖြစ်​လျှင် ငါ့​အ​တွက် မည်​သည့်​ဆု​လာဘ်​ရှိ​သ​နည်း။ ၎င်း​မှာ ကောင်း​မြတ်​သော​သ​တင်း​ကို​ဟော​ပြော​သည့်​အ​ခါ အ​ဖိုး​အ​ခ​မ​ယူ​ဘဲ ထို​သ​တင်း​ကို ဝေ​ငှ​ဟော​ပြော​၍ ကောင်း​မြတ်​သော​သ​တင်း​နှင့်​ဆိုင်​သော ငါ​၏​ရ​ပိုင်​ခွင့်​ကို အ​ပြည့်​အ​ဝ​အ​သုံး​မ​ချ​ဘဲ​နေ​ခြင်း​ပင်​ဖြစ်​၏။

19. ငါ​သည် လူ​အ​ပေါင်း​တို့​ရှေ့​၌ လွတ်​လပ်​သူ​ဖြစ်​သော်​လည်း ပို​၍​များ​သော​သူ​တို့​ကို​ရ​ရှိ​နိုင်​ရန် လူ​အ​ပေါင်း​တို့​ထံ​၌ ကိုယ်​တိုင်​ကျွန်​ခံ​၏။

20. ဂျူး​လူ​မျိုး​တို့​ကို​ရ​ရှိ​နိုင်​ရန် ဂျူး​လူ​မျိုး​တို့​တွင် ဂျူး​လူ​မျိုး​ကဲ့​သို့​ဖြစ်​၏။ ငါ​ကိုယ်​တိုင် ပ​ညတ်​တ​ရား​အောက်​၌​မ​ရှိ​သော်​လည်း ပ​ညတ်​တ​ရား​အောက်​၌​ရှိ​သော​သူ​တို့​ကို​ရ​ရှိ​နိုင်​ရန် ပ​ညတ်​တ​ရား​အောက်​၌​ရှိ​သော​သူ​တို့​အ​တွက် ပ​ညတ်​တ​ရား​အောက်​၌​ရှိ​သော​သူ​ကဲ့​သို့​ဖြစ်​၏။

21. ငါ​သည် ဘု​ရား​သ​ခင်​၏​ပ​ညတ်​တ​ရား​နှင့် ကင်း​ဝေး​သော​သူ​မ​ဟုတ်​ဘဲ ခ​ရစ်​တော်​၏​ပ​ညတ်​တ​ရား​အောက်​၌​ရှိ​သော်​လည်း ပ​ညတ်​တ​ရား​နှင့်​ကင်း​ဝေး​သော​သူ​တို့​ကို​ရ​ရှိ​နိုင်​ရန် ပ​ညတ်​တ​ရား​နှင့်​ကင်း​ဝေး​သော​သူ​တို့​တွင် ပ​ညတ်​တ​ရား​နှင့်​ကင်း​ဝေး​သော​သူ​ကဲ့​သို့​ဖြစ်​၏။

22. အား​နည်း​သော​သူ​တို့​ကို​ရ​ရှိ​နိုင်​ရန် အား​နည်း​သော​သူ​တို့​တွင် အား​နည်း​သော​သူ​ဖြစ်​၏။ လူ​အ​ချို့​တို့​ကို တစ်​နည်း​နည်း​ဖြင့် ကယ်​တင်​နိုင်​ရန် လူ​အ​မျိုး​မျိုး​တို့​တွင် အ​မျိုး​မျိုး​ဖြစ်​ခဲ့​၏။

23. ငါ​သည် ကောင်း​မြတ်​သော​သ​တင်း​၏​အ​ကျိုး​ကျေး​ဇူး​ကို မျှ​ဝေ​ခံ​စား​သူ​ဖြစ်​ရန် အ​မှု​ခပ်​သိမ်း​တို့​ကို ထို​သ​တင်း​အ​တွက် ဆောင်​ရွက်​၏။

24. အား​က​စား​ကွင်း​ထဲ​၌ အ​ပြေး​ပြိုင်​သော​သူ​တို့​သည် အား​လုံး​ပြေး​ကြ​သည်​မှန်​သော်​လည်း တစ်​ဦး​တည်း​သာ ဆု​ရ​ရှိ​ကြောင်း​ကို သင်​တို့​မ​သိ​ကြ​သ​လော။ ထို့​ကြောင့် သင်​တို့​သည် ဆု​ရ​ရှိ​မည့်​အ​ကြောင်း ပြေး​ကြ​လော့။

25. ပြိုင်​ပွဲ​ဝင်​သော​သူ​တိုင်း​သည် အ​ရာ​ရာ​၌ မိ​မိ​ကိုယ်​ကို​ချုပ်​တည်း​တတ်​၏။ သူ​တို့​သည် ယို​ယွင်း​ပျက်​စီး​တတ်​သော သ​ရ​ဖူ​ကို​ရ​ရှိ​ရန် ထို​သို့​ပြု​ကြ​၏။ ငါ​တို့​မူ​ကား ယို​ယွင်း​ပျက်​စီး​ခြင်း​နှင့်​ကင်း​သော သ​ရ​ဖူ​ကို​ရ​ရှိ​ရန် ထို​သို့​ပြု​ကြ​၏။

26. ထို့​ကြောင့် ငါ​ပြေး​သော​အ​ခါ ဦး​တည်​ရာ​မဲ့​ပြေး​သော​သူ​ကဲ့​သို့ ပြေး​သည်​မ​ဟုတ်။ လက်​ဝှေ့​ထိုး​သော​အ​ခါ​လည်း လေ​ကို​ထိုး​သော​သူ​ကဲ့​သို့ ထိုး​သည်​မ​ဟုတ်။

27. သူ​တစ်​ပါး​ကို သွန်​သင်​ပြီး​မှ ငါ​ကိုယ်​တိုင်​ကျ​ရှုံး​သော​သူ မ​ဖြစ်​စေ​ရန် ငါ​သည် မိ​မိ​ကိုယ်​ခန္ဓာ​ကို ထိုး​နှက်​၍ နာ​ခံ​စေ​၏။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 9