15. သို့သော် ငါသည် ဤအခွင့်တစ်စုံတစ်ခုကိုမျှ မသုံးခဲ့ချေ။ ငါ့အား ထိုသို့ပြုစေလို၍ ဤအရာများကို ငါရေးသည်မဟုတ်။ အကြောင်းမူကား ငါ၏ဂုဏ်ယူဝါကြွားစရာအကြောင်းကို သူတစ်ပါးက အချည်းနှီးဖြစ်စေသည်ထက် ငါသေသော် သာ၍ကောင်း၏။
16. ငါသည် ကောင်းမြတ်သောသတင်းကိုဟောပြောလျှင်လည်း ငါ့အတွက် ဂုဏ်ယူဝါကြွားစရာအကြောင်းမရှိ။ အဘယ်ကြောင့်ဆိုသော် ငါ၌မဖြစ်မနေဟောပြောရမည့်တာဝန်ရှိ၏။ ကောင်းမြတ်သောသတင်းကို ငါမဟောပြောဘဲနေလျှင် ငါ့အတွက် အမင်္ဂလာဖြစ်၏။
17. ထိုအမှုကို ငါ၏ဆန္ဒအလျောက်ဆောင်ရွက်လျှင် ငါ့အတွက် ဆုလာဘ်ရှိ၏။ သို့သော် ငါ၏ဆန္ဒအလျောက်မဟုတ်လျှင်လည်း ဤစီမံခန့်ခွဲမှုကို ငါ၌ယုံကြည်အပ်နှံထားပြီဖြစ်၏။
18. သို့ဖြစ်လျှင် ငါ့အတွက် မည်သည့်ဆုလာဘ်ရှိသနည်း။ ၎င်းမှာ ကောင်းမြတ်သောသတင်းကိုဟောပြောသည့်အခါ အဖိုးအခမယူဘဲ ထိုသတင်းကို ဝေငှဟောပြော၍ ကောင်းမြတ်သောသတင်းနှင့်ဆိုင်သော ငါ၏ရပိုင်ခွင့်ကို အပြည့်အဝအသုံးမချဘဲနေခြင်းပင်ဖြစ်၏။
19. ငါသည် လူအပေါင်းတို့ရှေ့၌ လွတ်လပ်သူဖြစ်သော်လည်း ပို၍များသောသူတို့ကိုရရှိနိုင်ရန် လူအပေါင်းတို့ထံ၌ ကိုယ်တိုင်ကျွန်ခံ၏။
20. ဂျူးလူမျိုးတို့ကိုရရှိနိုင်ရန် ဂျူးလူမျိုးတို့တွင် ဂျူးလူမျိုးကဲ့သို့ဖြစ်၏။ ငါကိုယ်တိုင် ပညတ်တရားအောက်၌မရှိသော်လည်း ပညတ်တရားအောက်၌ရှိသောသူတို့ကိုရရှိနိုင်ရန် ပညတ်တရားအောက်၌ရှိသောသူတို့အတွက် ပညတ်တရားအောက်၌ရှိသောသူကဲ့သို့ဖြစ်၏။
21. ငါသည် ဘုရားသခင်၏ပညတ်တရားနှင့် ကင်းဝေးသောသူမဟုတ်ဘဲ ခရစ်တော်၏ပညတ်တရားအောက်၌ရှိသော်လည်း ပညတ်တရားနှင့်ကင်းဝေးသောသူတို့ကိုရရှိနိုင်ရန် ပညတ်တရားနှင့်ကင်းဝေးသောသူတို့တွင် ပညတ်တရားနှင့်ကင်းဝေးသောသူကဲ့သို့ဖြစ်၏။
22. အားနည်းသောသူတို့ကိုရရှိနိုင်ရန် အားနည်းသောသူတို့တွင် အားနည်းသောသူဖြစ်၏။ လူအချို့တို့ကို တစ်နည်းနည်းဖြင့် ကယ်တင်နိုင်ရန် လူအမျိုးမျိုးတို့တွင် အမျိုးမျိုးဖြစ်ခဲ့၏။
23. ငါသည် ကောင်းမြတ်သောသတင်း၏အကျိုးကျေးဇူးကို မျှဝေခံစားသူဖြစ်ရန် အမှုခပ်သိမ်းတို့ကို ထိုသတင်းအတွက် ဆောင်ရွက်၏။
24. အားကစားကွင်းထဲ၌ အပြေးပြိုင်သောသူတို့သည် အားလုံးပြေးကြသည်မှန်သော်လည်း တစ်ဦးတည်းသာ ဆုရရှိကြောင်းကို သင်တို့မသိကြသလော။ ထို့ကြောင့် သင်တို့သည် ဆုရရှိမည့်အကြောင်း ပြေးကြလော့။