5. အကြောင်းမူကား များစွာသောဘုရား၊ များစွာသောသခင်ရှိသည်ဟု ဆိုကြသည့်အတိုင်း ကောင်းကင်၌ဖြစ်စေ၊ မြေကြီးပေါ်၌ဖြစ်စေ ဘုရားဟုခေါ်ဝေါ်ခြင်းခံရသောအရာများ ရှိခဲ့လျှင်ပင်
6. ငါတို့အတွက်မူကား ခမည်းတော်တည်းဟူသော ဘုရားသခင်တစ်ပါးတည်းသာရှိ၍ အရာခပ်သိမ်းတို့သည် ကိုယ်တော်ထံမှဖြစ်လာပြီး ငါတို့သည် ကိုယ်တော်၌တည်ကြ၏။ ထို့ပြင် ငါတို့အတွက် ယေရှုခရစ်တော်တည်းဟူသော သခင်တစ်ပါးတည်းသာရှိ၍ အရာခပ်သိမ်းတို့သည် ထိုသခင်အားဖြင့်ဖြစ်လာပြီး ငါတို့သည် ထိုသခင်၌တည်ကြ၏။
7. သို့သော် လူတိုင်း၌ ဤအသိပညာရှိသည်မဟုတ်။ လူအချို့တို့သည် ရုပ်တုကိုးကွယ်သည့်အလေ့အထရှိခဲ့သည်ဖြစ်၍ ထိုအသားကိုစားသောအခါ ယခုအထိပင် ရုပ်တုအားပူဇော်ထားသောအရာများအဖြစ်စားကြသဖြင့် သူတို့၏အားနည်းသည့်အသိစိတ်သည် မသိုးမသန့်ဖြစ်ရ၏။
8. အစားအစာသည် ဘုရားသခင်ရှေ့တော်၌ ငါတို့ကို မျက်နှာရစေလိမ့်မည်မဟုတ်။ မစားဘဲနေလျှင်လည်း အရှုံးမရှိ။ စားလျှင်လည်း အမြတ်မရ။
9. သို့သော် သင်တို့၏လွတ်လပ်ခွင့်သည် အကြောင်းတစ်စုံတစ်ခုကြောင့် အားနည်းသောသူတို့အတွက် ခလုတ်တံသင်းမဖြစ်စေရန် သတိပြုကြလော့။
10. အကြောင်းမူကား အသိပညာရှိသောသင်သည် ရုပ်တုဗိမာန်ထဲ၌ ထိုင်၍စားသောက်နေသည်ကို တစ်စုံတစ်ဦးကတွေ့မြင်လျှင် ထိုသူ၏အားနည်းသည့်အသိစိတ်သည် ရုပ်တုအားပူဇော်ထားသောအရာကိုစားရန် ရဲတင်းလာမည်မဟုတ်လော။
11. ထိုအခါ ခရစ်တော်က ကိုယ်စားအသေခံပေးသော ညီအစ်ကိုဖြစ်သည့် ထိုအားနည်းသောသူသည် သင်၏အသိပညာကြောင့် ပျက်စီးခြင်းသို့ရောက်ရ၏။
12. ဤသို့ဖြင့် သင်တို့သည် ညီအစ်ကိုတို့ကိုပြစ်မှား၍ သူတို့၏အားနည်းသည့်အသိစိတ်ကို ထိခိုက်စေလျှင် ခရစ်တော်ကိုပြစ်မှားရာရောက်၏။
13. ထို့ကြောင့် အစားအစာသည် ငါ၏ညီအစ်ကိုကို မှားယွင်းစေလျှင် ငါ့ညီအစ်ကိုအား မမှားယွင်းစေရန် ငါသည် အသားကို ကာလအစဉ်အဆက် မည်သည့်အခါမျှ စားမည်မဟုတ်။