26. မျက်မှောက်ကြုံတွေ့နေရသော ခက်ခဲကျပ်တည်းခြင်းကြောင့် ဤအတိုင်းနေလျှင် ကောင်း၏ဟု ငါယူဆ၏။ ယောက်ျားသည်လည်း လက်ရှိအခြေအနေအတိုင်းနေလျှင် ကောင်း၏။
27. သင်သည် မယားနှင့်အနှောင်အဖွဲ့ရှိလျှင် ကွာရှင်းရန်မကြံစည်နှင့်။ မယားနှင့်အနှောင်အဖွဲ့မရှိလျှင် မယားကိုမရှာနှင့်။
28. သို့သော် အိမ်ထောင်ပြုလျှင်လည်း သင်သည်အပြစ်ပြုသည်မဟုတ်။ အပျိုကညာတစ်ဦးသည် အိမ်ထောင်ပြုလျှင်လည်း အပြစ်ပြုသည်မဟုတ်။ သို့သော် ထိုသူတို့သည် ကိုယ်ကာယ၌ ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်။ ငါသည် သင်တို့ကို ထိုဒုက္ခမှ ကင်းဝေးစေလို၍သာဖြစ်၏။
29. ညီအစ်ကိုတို့၊ ဤသို့ငါဆို၏။ အချိန်အခါကုန်လုနီးပြီဖြစ်သောကြောင့် ယခုမှစ၍ မယားရှိသောသူတို့သည် မယားမရှိသောသူကဲ့သို့လည်းကောင်း၊
30. ငိုကြွေးသောသူတို့သည် မငိုကြွေးသကဲ့သို့လည်းကောင်း၊ ဝမ်းမြောက်သောသူတို့သည် ဝမ်းမြောက်ခြင်းမရှိသကဲ့သို့လည်းကောင်း၊ ဝယ်ယူသောသူတို့သည် မည်သည့်အရာကိုမျှ မပိုင်ဆိုင်သကဲ့သို့လည်းကောင်း နေကြပါစေ။
31. လောကအရာကိုသုံးစွဲသောသူတို့သည်လည်း ၎င်းကိုအပြည့်အဝမသုံးစွဲသကဲ့သို့ နေကြပါစေ။ အကြောင်းမူကား ဤလောက၏ပုံစံအဖြစ်သနစ်သည် ရွေ့လျားကွယ်ပျောက်သွားမည်။
32. ငါသည် သင်တို့ကို စိုးရိမ်ခြင်းနှင့်ကင်းလွတ်စေလို၏။ အိမ်ထောင်မရှိသောယောက်ျားသည် သခင်ဘုရားကိုနှစ်သက်စေရန် သခင်ဘုရား၏အမှုကိုဂရုစိုက်တတ်၏။
33. အိမ်ထောင်ရှိသောယောက်ျားမူကား မိမိမယားကို မည်ကဲ့သို့နှစ်သက်စေရမည်ဟူသော လောကီအမှုတို့ကိုဂရုစိုက်သဖြင့်
34. သူ၏စိတ်အာရုံသည် ထွေပြားတတ်၏။ အိမ်ထောင်မရှိသောအမျိုးသမီးနှင့်အပျိုကညာတို့သည် ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်နှစ်ဖြာစလုံးသန့်ရှင်းစေရန် သခင်ဘုရား၏အမှုတို့ကိုဂရုစိုက်တတ်၏။ အိမ်ထောင်ရှိသောအမျိုးသမီးမူကား မိမိလင်ယောက်ျားကို မည်ကဲ့သို့နှစ်သက်စေရမည်ဟူသော လောကီအမှုတို့ကိုဂရုစိုက်တတ်၏။
35. ဤသို့ ငါဆိုသည်မှာ သင်တို့၏အကျိုးအတွက်ဖြစ်၍ သင်တို့ကိုချုပ်ချယ်ရန်မဟုတ်။ သင်တို့သည် လျောက်ပတ်စွာကျင့်၍ အာရုံထွေပြားခြင်းမရှိဘဲ သခင်ဘုရား၏အမှုကို အစဉ်မပြတ်ဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်၏။
36. တစ်စုံတစ်ယောက်သည် မိမိနှင့်ဆိုင်သောအပျိုကညာကို အခါလင့်စေလျှင် မလျောက်ပတ်ဟုထင်မှတ်၍ ထိုသို့ပြုစရာလည်းရှိလျှင် သူ၏ဆန္ဒအတိုင်းပြုပါစေ။ သူသည် အပြစ်ပြုသည်မဟုတ်။ သူတို့အိမ်ထောင်ပြုပါစေ။