22. အကြောင်းမူကား ကျွန်ဖြစ်စဉ် သခင်ဘုရား၌ ခေါ်ယူတော်မူခြင်းခံရသောသူသည် သခင်ဘုရားအားဖြင့်လွတ်လပ်ခွင့်ရသူဖြစ်၏။ ထိုနည်းတူ လွတ်လပ်သူဖြစ်စဉ် ခေါ်ယူတော်မူခြင်းခံရသောသူသည် ခရစ်တော်၏ကျွန်ဖြစ်၏။
23. သင်တို့ကို အဖိုးအခနှင့်ဝယ်ယူထားသည်ဖြစ်၍ လူတို့၏ကျွန်မဖြစ်ကြနှင့်။
24. ညီအစ်ကိုတို့၊ လူအသီးသီးသည် မိမိခေါ်ယူတော်မူခြင်းခံရသည့်အခြေအနေ၌ ဘုရားသခင်နှင့်အတူဆက်၍တည်နေပါစေ။
25. အပျိုကညာတို့နှင့်ပတ်သက်၍မူကား သခင်ဘုရား၏ပညတ်ချက်ကို ငါမရရှိခဲ့ချေ။ သို့သော် သခင်ဘုရား၏ကရုဏာတော်ကိုခံစားရသည့် ယုံကြည်ထိုက်သူတစ်ဦးအနေဖြင့် ငါ၏ထင်မြင်ချက်ကိုပေးရမည်ဆိုလျှင်
26. မျက်မှောက်ကြုံတွေ့နေရသော ခက်ခဲကျပ်တည်းခြင်းကြောင့် ဤအတိုင်းနေလျှင် ကောင်း၏ဟု ငါယူဆ၏။ ယောက်ျားသည်လည်း လက်ရှိအခြေအနေအတိုင်းနေလျှင် ကောင်း၏။
27. သင်သည် မယားနှင့်အနှောင်အဖွဲ့ရှိလျှင် ကွာရှင်းရန်မကြံစည်နှင့်။ မယားနှင့်အနှောင်အဖွဲ့မရှိလျှင် မယားကိုမရှာနှင့်။
28. သို့သော် အိမ်ထောင်ပြုလျှင်လည်း သင်သည်အပြစ်ပြုသည်မဟုတ်။ အပျိုကညာတစ်ဦးသည် အိမ်ထောင်ပြုလျှင်လည်း အပြစ်ပြုသည်မဟုတ်။ သို့သော် ထိုသူတို့သည် ကိုယ်ကာယ၌ ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်။ ငါသည် သင်တို့ကို ထိုဒုက္ခမှ ကင်းဝေးစေလို၍သာဖြစ်၏။
29. ညီအစ်ကိုတို့၊ ဤသို့ငါဆို၏။ အချိန်အခါကုန်လုနီးပြီဖြစ်သောကြောင့် ယခုမှစ၍ မယားရှိသောသူတို့သည် မယားမရှိသောသူကဲ့သို့လည်းကောင်း၊
30. ငိုကြွေးသောသူတို့သည် မငိုကြွေးသကဲ့သို့လည်းကောင်း၊ ဝမ်းမြောက်သောသူတို့သည် ဝမ်းမြောက်ခြင်းမရှိသကဲ့သို့လည်းကောင်း၊ ဝယ်ယူသောသူတို့သည် မည်သည့်အရာကိုမျှ မပိုင်ဆိုင်သကဲ့သို့လည်းကောင်း နေကြပါစေ။
31. လောကအရာကိုသုံးစွဲသောသူတို့သည်လည်း ၎င်းကိုအပြည့်အဝမသုံးစွဲသကဲ့သို့ နေကြပါစေ။ အကြောင်းမူကား ဤလောက၏ပုံစံအဖြစ်သနစ်သည် ရွေ့လျားကွယ်ပျောက်သွားမည်။
32. ငါသည် သင်တို့ကို စိုးရိမ်ခြင်းနှင့်ကင်းလွတ်စေလို၏။ အိမ်ထောင်မရှိသောယောက်ျားသည် သခင်ဘုရားကိုနှစ်သက်စေရန် သခင်ဘုရား၏အမှုကိုဂရုစိုက်တတ်၏။
33. အိမ်ထောင်ရှိသောယောက်ျားမူကား မိမိမယားကို မည်ကဲ့သို့နှစ်သက်စေရမည်ဟူသော လောကီအမှုတို့ကိုဂရုစိုက်သဖြင့်
34. သူ၏စိတ်အာရုံသည် ထွေပြားတတ်၏။ အိမ်ထောင်မရှိသောအမျိုးသမီးနှင့်အပျိုကညာတို့သည် ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်နှစ်ဖြာစလုံးသန့်ရှင်းစေရန် သခင်ဘုရား၏အမှုတို့ကိုဂရုစိုက်တတ်၏။ အိမ်ထောင်ရှိသောအမျိုးသမီးမူကား မိမိလင်ယောက်ျားကို မည်ကဲ့သို့နှစ်သက်စေရမည်ဟူသော လောကီအမှုတို့ကိုဂရုစိုက်တတ်၏။
35. ဤသို့ ငါဆိုသည်မှာ သင်တို့၏အကျိုးအတွက်ဖြစ်၍ သင်တို့ကိုချုပ်ချယ်ရန်မဟုတ်။ သင်တို့သည် လျောက်ပတ်စွာကျင့်၍ အာရုံထွေပြားခြင်းမရှိဘဲ သခင်ဘုရား၏အမှုကို အစဉ်မပြတ်ဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်၏။
36. တစ်စုံတစ်ယောက်သည် မိမိနှင့်ဆိုင်သောအပျိုကညာကို အခါလင့်စေလျှင် မလျောက်ပတ်ဟုထင်မှတ်၍ ထိုသို့ပြုစရာလည်းရှိလျှင် သူ၏ဆန္ဒအတိုင်းပြုပါစေ။ သူသည် အပြစ်ပြုသည်မဟုတ်။ သူတို့အိမ်ထောင်ပြုပါစေ။
37. သို့သော် သူသည် မိမိစိတ်နှလုံးထဲ၌ အခိုင်အမာစိတ်ပိုင်းဖြတ်ထား၍ မလွှဲမရှောင်သာ၍လုပ်ရခြင်းမျိုးမဟုတ်ဘဲ မိမိအလိုဆန္ဒကိုထိန်းချုပ်နိုင်ပြီး မိမိနှင့်ဆိုင်သောအပျိုကညာကိုထိန်းသိမ်းထားရန် မိမိစိတ်ထဲ၌ ဆုံးဖြတ်ထားပါက သူသည် ကောင်းစွာပြု၏။
38. ထို့ကြောင့် မိမိနှင့်ဆိုင်သောအပျိုကညာကို ပေးစားဆောင်နှင်းသောသူသည် ကောင်းစွာပြု၏။ ပေးစားဆောင်နှင်းခြင်းမပြုသောသူမူကား သာ၍ကောင်းစွာပြု၏။
39. မယားသည် မိမိလင်ယောက်ျားအသက်ရှင်နေသရွေ့ကာလပတ်လုံး အနှောင်အဖွဲ့ရှိ၏။ လင်ယောက်ျားသေဆုံးခဲ့လျှင်မူကား မိမိနှစ်သက်သောသူနှင့် သခင်ဘုရား၌သာ အိမ်ထောင်ပြုခွင့်ရှိ၏။
40. သို့သော် ငါ၏ထင်မြင်ချက်အရ သူသည် အိမ်ထောင်မပြုဘဲနေလျှင် သာ၍မင်္ဂလာရှိ၏။ ငါ၌လည်း ဘုရားသခင်၏ဝိညာဉ်တော်ရှိသည်ဟု ငါမှတ်ယူ၏။