11. အကယ်၍ ကွဲကွာခဲ့လျှင် အိမ်ထောင်မပြုဘဲနေပါစေ။ သို့မဟုတ် လင်ယောက်ျားနှင့် ပြန်လည်သင့်မြတ်ပါစေ။ လင်ယောက်ျားသည်လည်း မိမိမယားကိုမစွန့်ခွာစေနှင့်။
12. အခြားသောသူတို့အား သခင်ဘုရားကမဟုတ်ဘဲ ငါကိုယ်တိုင်ပြောဆိုသည်မှာ ညီအစ်ကိုတစ်စုံတစ်ဦးတွင် ယုံကြည်သူမဟုတ်သောမယားရှိ၍ ထိုမိန်းမသည် သူနှင့်နေထိုင်လိုလျှင် သူ့ကို ထိုမိန်းမနှင့်မကွာစေနှင့်။
13. ထိုနည်းတူ အမျိုးသမီးတစ်စုံတစ်ဦးတွင် ယုံကြည်သူမဟုတ်သောလင်ယောက်ျားရှိ၍ ထိုယောက်ျားသည် သူနှင့်နေထိုင်လိုလျှင် သူ့ကို ထိုယောက်ျားနှင့်မကွာစေနှင့်။
14. အကြောင်းမူကား ယုံကြည်သူမဟုတ်သောလင်ယောက်ျားသည် မိမိမယားအားဖြင့် သန့်ရှင်းစေခြင်းခံရ၏။ ယုံကြည်သူမဟုတ်သောမယားသည်လည်း မိမိလင်ယောက်ျားအားဖြင့် သန့်ရှင်းစေခြင်းခံရ၏။ သို့မဟုတ်လျှင် သင်တို့၏သားသမီးတို့သည် ညစ်ညူးကြလိမ့်မည်။ သို့သော် ယခု သူတို့သည် သန့်ရှင်းကြ၏။
15. သို့ရာတွင် မယုံကြည်သူဖက်မှ ကွဲကွာလိုလျှင် ကွဲကွာပါစေ။ ထိုသို့သောအခြေအနေမျိုးတွင် ယုံကြည်သူယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ အနှောင်အဖွဲ့ကင်း၏။ ဘုရားသခင်သည် သင်တို့အား ငြိမ်းချမ်းမှုရရှိစေရန် ခေါ်ယူတော်မူ၏။
16. အသင်မိန်းမ၊ သင်သည် မိမိလင်ယောက်ျားကို ကယ်တင်မည်မကယ်တင်မည်ကို မည်သို့သိနိုင်မည်နည်း။ အသင်ယောက်ျား၊ သင်သည် မိမိမယားကို ကယ်တင်မည်မကယ်တင်မည်ကို မည်သို့သိနိုင်မည်နည်း။
17. လူအသီးသီးတို့သည် မိမိအား သခင်ဘုရားသတ်မှတ်ခွဲဝေပေးတော်မူသည့်အတိုင်းနှင့် တစ်ဦးစီအား ဘုရားသခင်ခေါ်ယူတော်မူသည့်အခြေအနေအတိုင်း အသက်ရှင်လျှောက်လှမ်းပါစေ။ ဤသည်ကား အသင်းတော်အားလုံးတို့ကို ငါမှာကြားသောအချက်ဖြစ်၏။
18. ခေါ်ယူတော်မူခြင်းခံရသောအခါ အရေဖျားလှီးခြင်းခံပြီးသားဖြစ်သောသူသည် ထိုအရာကိုမဖျောက်ဖျက်စေနှင့်။ ခေါ်ယူတော်မူခြင်းခံရသောအခါ အရေဖျားမလှီးထားသောသူသည် အရေဖျားလှီးခြင်းကိုမခံစေနှင့်။
19. အရေဖျားလှီးခြင်းသည် ပဓာနမဟုတ်။ အရေဖျားမလှီးခြင်းသည်လည်း ပဓာနမဟုတ်။ ဘုရားသခင်၏ပညတ်တော်ကို စောင့်ထိန်းခြင်းသာ ပဓာနဖြစ်၏။
20. လူအသီးသီးသည် ခေါ်ယူတော်မူခြင်းခံရသည့်အခြေအနေ၌ ဆက်၍တည်နေပါစေ။
21. ခေါ်ယူတော်မူခြင်းခံရစဉ် ကျွန်ဖြစ်လျှင် စိတ်အနှောင့်အယှက်မဖြစ်နှင့်။ သို့သော် လွတ်လပ်သူဖြစ်နိုင်လျှင် ထိုအခွင့်အရေးကိုအသုံးပြုလော့။
22. အကြောင်းမူကား ကျွန်ဖြစ်စဉ် သခင်ဘုရား၌ ခေါ်ယူတော်မူခြင်းခံရသောသူသည် သခင်ဘုရားအားဖြင့်လွတ်လပ်ခွင့်ရသူဖြစ်၏။ ထိုနည်းတူ လွတ်လပ်သူဖြစ်စဉ် ခေါ်ယူတော်မူခြင်းခံရသောသူသည် ခရစ်တော်၏ကျွန်ဖြစ်၏။
23. သင်တို့ကို အဖိုးအခနှင့်ဝယ်ယူထားသည်ဖြစ်၍ လူတို့၏ကျွန်မဖြစ်ကြနှင့်။
24. ညီအစ်ကိုတို့၊ လူအသီးသီးသည် မိမိခေါ်ယူတော်မူခြင်းခံရသည့်အခြေအနေ၌ ဘုရားသခင်နှင့်အတူဆက်၍တည်နေပါစေ။
25. အပျိုကညာတို့နှင့်ပတ်သက်၍မူကား သခင်ဘုရား၏ပညတ်ချက်ကို ငါမရရှိခဲ့ချေ။ သို့သော် သခင်ဘုရား၏ကရုဏာတော်ကိုခံစားရသည့် ယုံကြည်ထိုက်သူတစ်ဦးအနေဖြင့် ငါ၏ထင်မြင်ချက်ကိုပေးရမည်ဆိုလျှင်
26. မျက်မှောက်ကြုံတွေ့နေရသော ခက်ခဲကျပ်တည်းခြင်းကြောင့် ဤအတိုင်းနေလျှင် ကောင်း၏ဟု ငါယူဆ၏။ ယောက်ျားသည်လည်း လက်ရှိအခြေအနေအတိုင်းနေလျှင် ကောင်း၏။
27. သင်သည် မယားနှင့်အနှောင်အဖွဲ့ရှိလျှင် ကွာရှင်းရန်မကြံစည်နှင့်။ မယားနှင့်အနှောင်အဖွဲ့မရှိလျှင် မယားကိုမရှာနှင့်။
28. သို့သော် အိမ်ထောင်ပြုလျှင်လည်း သင်သည်အပြစ်ပြုသည်မဟုတ်။ အပျိုကညာတစ်ဦးသည် အိမ်ထောင်ပြုလျှင်လည်း အပြစ်ပြုသည်မဟုတ်။ သို့သော် ထိုသူတို့သည် ကိုယ်ကာယ၌ ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်။ ငါသည် သင်တို့ကို ထိုဒုက္ခမှ ကင်းဝေးစေလို၍သာဖြစ်၏။