7. အကြောင်းမူကား မည်သူသည် သင့်ကိုထူးခြားစေသနည်း။ သင်ခံယူရရှိသောအရာမဟုတ်ဘဲ သင်၌နဂိုကတည်းက ရှိထားသောအရာတစ်စုံတစ်ခုရှိသလော။ သင်ခံယူရရှိခဲ့သည့်အရာဖြစ်သည်မှန်လျှင် ခံယူရရှိခဲ့သည့်အရာမဟုတ်သကဲ့သို့ အဘယ်ကြောင့်ဝါကြွားသနည်း။
8. သင်တို့သည် ပြည့်စုံနေကြပြီ။ သင်တို့သည် ကြွယ်ဝနေကြပြီ။ ငါတို့မပါဘဲ စိုးစံနေကြပြီ။ ငါတို့လည်း သင်တို့နှင့်အတူစိုးစံနိုင်ရန် သင်တို့သည် အမှန်တကယ်စိုးစံနေခဲ့ကြလျှင် ကောင်းပေမည်။
9. ဘုရားသခင်သည် တမန်တော်ဖြစ်ကြသောငါတို့ကို နောက်ဆုံးတွင်ထား၍ အသေသတ်ခြင်းခံရမည့်သူများကဲ့သို့ ထုတ်ပြတော်မူပြီဟု ငါထင်မှတ်၏။ အဘယ်ကြောင့်ဆိုသော် ငါတို့သည် ကောင်းကင်တမန်များရှေ့၌ဖြစ်စေ၊ လူတို့ရှေ့၌ဖြစ်စေ တစ်လောကလုံးအတွက် ရှုစားစရာဖြစ်လာကြ၏။
10. ငါတို့သည် ခရစ်တော်အတွက် မိုက်မဲသောသူဖြစ်ကြ၏။ သင်တို့မူကား ခရစ်တော်၌ ပညာသတိရှိသောသူဖြစ်ကြ၏။ ငါတို့သည် အားနည်းသောသူဖြစ်ကြ၏။ သင်တို့မူကား ခွန်အားကြီးသောသူဖြစ်ကြ၏။ သင်တို့သည် ဂုဏ်သရေရှိသောသူဖြစ်ကြ၏။ ငါတို့မူကား ဂုဏ်သရေမဲ့သောသူဖြစ်ကြ၏။
11. ငါတို့သည် ယခုအချိန်တိုင်အောင် ဆာလောင်မွတ်သိပ်လျက်၊ အဝတ်မဲ့လျက်၊ ထိုးနှက်ခြင်းခံရလျက်၊ အိမ်ရာမဲ့လျက်၊
12. မိမိတို့လက်ဖြင့် အားထုတ်လုပ်ဆောင်လျက် နေရကြ၏။ ပုတ်ခတ်ပြောဆိုခြင်းခံရသောအခါ ကောင်းချီးပေးကြ၏။ ညှဉ်းဆဲခြင်းခံရသောအခါ သည်းခံကြ၏။
13. စော်ကားပြောဆိုခြင်းခံရသောအခါ မေတ္တာပြကြ၏။ ယခုတိုင်အောင် ငါတို့သည် လူတကာတို့၏အပယ်ခံများ၊ လောက၏အမှိုက်သရိုက်များကဲ့သို့ ဖြစ်ရကြ၏။
14. ဤအရာများကို ငါရေးလိုက်ခြင်းမှာ သင်တို့အား အရှက်ရစေရန်မဟုတ်ဘဲ ငါ၏ချစ်သားသမီးများအဖြစ် သတိပေးဆုံးမရန်သာဖြစ်၏။
15. အကြောင်းမူကား ခရစ်တော်၌ သင်တို့ကိုအုပ်ထိန်းသူ တစ်သောင်းရှိသော်လည်း ဖခင်မူကား များစွာမရှိ။ ကောင်းမြတ်သောသတင်းအားဖြင့် ခရစ်တော်ယေရှု၌ သင်တို့ကိုမွေးဖွားပေးခဲ့သူမှာ ငါပင်ဖြစ်၏။