5. သို့ဖြစ်၍ သခင်ဘုရားကြွလာတော်မမူမီ မည်သည့်အရာကိုမျှ အချိန်မတန်ဘဲ မစီရင်ကြနှင့်။ ထိုသခင်သည် အမှောင်ထဲ၌ ကွယ်ဝှက်ထားသောအရာများကို အလင်းသို့ယူဆောင်လာပြီး စိတ်နှလုံးအကြံအစည်များကို ထင်ရှားစေတော်မူလိမ့်မည်။ ထိုအခါ လူအသီးသီးတို့သည် ဘုရားသခင်ထံတော်မှ ချီးမွမ်းခြင်းကိုခံရကြလိမ့်မည်။
6. ညီအစ်ကိုတို့၊ ငါသည် ငါနှင့်အာပေါလုတို့အကြောင်းကိုပုံဆောင်လျက် ဤအရာများကို သင်တို့အတွက်ဖော်ပြ၏။ ဤသည်ကား သင်တို့သည် ကျမ်းစာ၌ရေးထားသောအရာတို့ကို မကျော်လွန်မည့်အကြောင်း ငါတို့ကိုစံနမူနာထား၍ သင်ယူကြစေရန်နှင့် တစ်ဦးဘက်၌နေ၍ အခြားတစ်ဦးအပေါ် မာနထောင်လွှားခြင်းမရှိကြစေရန်ဖြစ်၏။
7. အကြောင်းမူကား မည်သူသည် သင့်ကိုထူးခြားစေသနည်း။ သင်ခံယူရရှိသောအရာမဟုတ်ဘဲ သင်၌နဂိုကတည်းက ရှိထားသောအရာတစ်စုံတစ်ခုရှိသလော။ သင်ခံယူရရှိခဲ့သည့်အရာဖြစ်သည်မှန်လျှင် ခံယူရရှိခဲ့သည့်အရာမဟုတ်သကဲ့သို့ အဘယ်ကြောင့်ဝါကြွားသနည်း။
8. သင်တို့သည် ပြည့်စုံနေကြပြီ။ သင်တို့သည် ကြွယ်ဝနေကြပြီ။ ငါတို့မပါဘဲ စိုးစံနေကြပြီ။ ငါတို့လည်း သင်တို့နှင့်အတူစိုးစံနိုင်ရန် သင်တို့သည် အမှန်တကယ်စိုးစံနေခဲ့ကြလျှင် ကောင်းပေမည်။
9. ဘုရားသခင်သည် တမန်တော်ဖြစ်ကြသောငါတို့ကို နောက်ဆုံးတွင်ထား၍ အသေသတ်ခြင်းခံရမည့်သူများကဲ့သို့ ထုတ်ပြတော်မူပြီဟု ငါထင်မှတ်၏။ အဘယ်ကြောင့်ဆိုသော် ငါတို့သည် ကောင်းကင်တမန်များရှေ့၌ဖြစ်စေ၊ လူတို့ရှေ့၌ဖြစ်စေ တစ်လောကလုံးအတွက် ရှုစားစရာဖြစ်လာကြ၏။
10. ငါတို့သည် ခရစ်တော်အတွက် မိုက်မဲသောသူဖြစ်ကြ၏။ သင်တို့မူကား ခရစ်တော်၌ ပညာသတိရှိသောသူဖြစ်ကြ၏။ ငါတို့သည် အားနည်းသောသူဖြစ်ကြ၏။ သင်တို့မူကား ခွန်အားကြီးသောသူဖြစ်ကြ၏။ သင်တို့သည် ဂုဏ်သရေရှိသောသူဖြစ်ကြ၏။ ငါတို့မူကား ဂုဏ်သရေမဲ့သောသူဖြစ်ကြ၏။
11. ငါတို့သည် ယခုအချိန်တိုင်အောင် ဆာလောင်မွတ်သိပ်လျက်၊ အဝတ်မဲ့လျက်၊ ထိုးနှက်ခြင်းခံရလျက်၊ အိမ်ရာမဲ့လျက်၊
12. မိမိတို့လက်ဖြင့် အားထုတ်လုပ်ဆောင်လျက် နေရကြ၏။ ပုတ်ခတ်ပြောဆိုခြင်းခံရသောအခါ ကောင်းချီးပေးကြ၏။ ညှဉ်းဆဲခြင်းခံရသောအခါ သည်းခံကြ၏။
13. စော်ကားပြောဆိုခြင်းခံရသောအခါ မေတ္တာပြကြ၏။ ယခုတိုင်အောင် ငါတို့သည် လူတကာတို့၏အပယ်ခံများ၊ လောက၏အမှိုက်သရိုက်များကဲ့သို့ ဖြစ်ရကြ၏။
14. ဤအရာများကို ငါရေးလိုက်ခြင်းမှာ သင်တို့အား အရှက်ရစေရန်မဟုတ်ဘဲ ငါ၏ချစ်သားသမီးများအဖြစ် သတိပေးဆုံးမရန်သာဖြစ်၏။
15. အကြောင်းမူကား ခရစ်တော်၌ သင်တို့ကိုအုပ်ထိန်းသူ တစ်သောင်းရှိသော်လည်း ဖခင်မူကား များစွာမရှိ။ ကောင်းမြတ်သောသတင်းအားဖြင့် ခရစ်တော်ယေရှု၌ သင်တို့ကိုမွေးဖွားပေးခဲ့သူမှာ ငါပင်ဖြစ်၏။
16. သို့ဖြစ်၍ ငါ့ကိုအတုယူသူများဖြစ်ကြရန် သင်တို့ကို ငါတိုက်တွန်းနှိုးဆော်၏။
17. ဤအကြောင်းကြောင့် သခင်ဘုရား၌သစ္စာရှိသော ငါ၏ချစ်သား တိမောသေကို သင်တို့ထံသို့ ငါစေလွှတ်၏။ သူသည် အရပ်ရပ်တို့၌ အသင်းတော်တိုင်းတွင် ငါသွန်သင်သည့်အတိုင်း ခရစ်တော်ယေရှု၌ ငါလိုက်လျှောက်သောလမ်းတို့ကို သင်တို့အား သတိရစေလိမ့်မည်။
18. လူအချို့တို့သည် သင်တို့ထံသို့ ငါရောက်လာမည်မဟုတ်ဟုထင်မှတ်၍ မာနထောင်လွှားလျက်ရှိကြ၏။
19. သို့သော် သခင်ဘုရားအလိုတော်ရှိလျှင် ငါသည် သင်တို့ထံသို့ မကြာမီလာ၍ မာနထောင်လွှားသောသူတို့၏စကားမဟုတ်ဘဲ သူတို့၏တန်ခိုးကို သိရလိမ့်မည်။