37. သင်စိုက်ပျိုးသောအရာသည်လည်း နောက်ဖြစ်လာမည့်ကိုယ်ထည်ကို စိုက်ပျိုးသည်မဟုတ်ဘဲ ဂျုံ သို့မဟုတ် အခြားသီးနှံ၏အစေ့သက်သက်ကိုသာ စိုက်ပျိုး၏။
38. သို့သော် ဘုရားသခင်သည် အလိုတော်ရှိသည့်အတိုင်း ထိုအစေ့အား ကိုယ်ထည်ကိုပေးတော်မူ၍ အစေ့တစ်စေ့စီအား မိမိအမျိုးအစားအလိုက် ကိုယ်ထည်ကိုပေးတော်မူ၏။
39. အသားအားလုံးသည် တစ်မျိုးတည်းမဟုတ်။ လူတို့၏အသားသည် တစ်မျိုး၊ တိရစ္ဆာန်တို့၏အသားသည်လည်း တစ်မျိုး၊ ကျေးငှက်တို့၏အသားသည်လည်း တစ်မျိုး၊ ငါးတို့၏အသားသည်လည်း တစ်မျိုးဖြစ်၏။
40. ကောင်းကင်ကိုယ်ခန္ဓာများရှိ၍ မြေကြီးကိုယ်ခန္ဓာများလည်းရှိ၏။ သို့သော် ကောင်းကင်ကိုယ်ခန္ဓာ၏ဘုန်းအသရေသည် တစ်မျိုးဖြစ်၍ မြေကြီးကိုယ်ခန္ဓာ၏ဘုန်းအသရေသည်လည်း တစ်မျိုးဖြစ်၏။
41. နေ၏ဘုန်းအသရေသည် တစ်မျိုး၊ လ၏ဘုန်းအသရေသည်လည်း တစ်မျိုး၊ ကြယ်များ၏ဘုန်းအသရေသည်လည်း တစ်မျိုးဖြစ်၏။ ကြယ်တစ်လုံးချင်း၏ဘုန်းအသရေသည်လည်း ခြားနားကြ၏။
42. သေလွန်သောသူတို့၏ရှင်ပြန်ထမြောက်ခြင်းသည်လည်း ထိုနည်းတူဖြစ်၏။ ဖောက်ပြန်ပျက်စီးတတ်သောအရာအဖြစ် စိုက်ပျိုးခြင်းခံရ၍ ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းသောအရာအဖြစ် ထမြောက်စေခြင်းကိုခံရ၏။
43. အသရေမရှိသောအရာအဖြစ် စိုက်ပျိုးခြင်းခံရ၍ ဘုန်းအသရေနှင့်ပြည့်စုံသောအရာအဖြစ် ထမြောက်စေခြင်းကိုခံရ၏။ အားနည်းသောအရာအဖြစ် စိုက်ပျိုးခြင်းခံရ၍ ခွန်အားနှင့်ပြည့်စုံသောအရာအဖြစ် ထမြောက်စေခြင်းကိုခံရ၏။
44. ဇာတိကိုယ်ခန္ဓာအဖြစ် စိုက်ပျိုးခြင်းခံရ၍ ဝိညာဉ်ကိုယ်ခန္ဓာအဖြစ် ထမြောက်စေခြင်းကိုခံရ၏။ ဇာတိကိုယ်ခန္ဓာရှိလျှင် ဝိညာဉ်ကိုယ်ခန္ဓာလည်းရှိ၏။
45. ထို့ကြောင့် ကျမ်းစာ၌ “ပထမလူအာဒံသည် အသက်ရှင်သောသူဖြစ်လာ၏”ဟု ရေးထား၏။ နောက်ဆုံးအာဒံသည် အသက်ကိုရရှိစေသောဝိညာဉ်ဖြစ်၏။
46. သို့သော် ဝိညာဉ်နှင့်ဆိုင်သောအရာသည် ဦးစွာဖြစ်သည်မဟုတ်။ ဇာတိနှင့်ဆိုင်သောအရာဖြစ်ပြီးမှ ဝိညာဉ်နှင့်ဆိုင်သောအရာသည် ဖြစ်ပေါ်လာ၏။
47. ပထမလူသည် မြေကြီးမှဖြစ်၍ မြေမှုန့်နှင့်ဆိုင်၏။ ဒုတိယလူသည် ကောင်းကင်မှဖြစ်၏။
48. မြေမှုန့်နှင့်ဆိုင်သောသူသည် မြေမှုန့်နှင့်ဆိုင်သောသူကဲ့သို့ဖြစ်၏။ ကောင်းကင်နှင့်ဆိုင်သောသူမူကား ကောင်းကင်နှင့်ဆိုင်သောသူကဲ့သို့ဖြစ်၏။
49. ငါတို့သည် မြေမှုန့်နှင့်ဆိုင်သောသူ၏ပုံသဏ္ဌာန်ကိုဆောင်သကဲ့သို့ ကောင်းကင်နှင့်ဆိုင်သောသူ၏ပုံသဏ္ဌာန်ကိုလည်း ဆောင်ရကြလိမ့်မည်။
50. ညီအစ်ကိုတို့၊ ငါဆိုသည်ကား အသွေးအသားသည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေဆက်ခံ၍မရနိုင်။ ဖောက်ပြန်ပျက်စီးတတ်သောအရာသည်လည်း ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းသောအရာကို အမွေဆက်ခံ၍မရနိုင်။
51. နားထောင်ကြလော့။ ငါသည် သင်တို့အား လျှို့ဝှက်နက်နဲသောအရာကို ပြောဦးမည်။ ငါတို့အားလုံးသည် အိပ်ပျော်ကြရမည်မဟုတ်။