33. အယူမလွဲကြနှင့်။ မကောင်းသောအပေါင်းအဖော်တို့သည် ကောင်းသောအကျင့်စာရိတ္တကို ပျက်စီးစေကြ၏။
34. အမြင်မှန်ရကြလော့။ အပြစ်ကိုမပြုကြနှင့်။ အကြောင်းမူကား အချို့သောသူတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ အသိဉာဏ်ကင်းမဲ့ကြ၏။ သင်တို့ကိုအရှက်ရစေရန် ဤသို့ငါပြော၏။
35. သို့သော် လူအချို့တို့က “သေလွန်သောသူတို့သည် မည်သို့ထမြောက်ကြမည်နည်း။ မည်သို့သောကိုယ်ခန္ဓာဖြင့် ပေါ်လာကြမည်နည်း”ဟု မေးမြန်းကြလိမ့်မည်။
36. အချင်းလူမိုက်၊ သင်စိုက်ပျိုးသောအရာသည် မပျက်လျှင် ရှင်သန်လာမည်မဟုတ်။
37. သင်စိုက်ပျိုးသောအရာသည်လည်း နောက်ဖြစ်လာမည့်ကိုယ်ထည်ကို စိုက်ပျိုးသည်မဟုတ်ဘဲ ဂျုံ သို့မဟုတ် အခြားသီးနှံ၏အစေ့သက်သက်ကိုသာ စိုက်ပျိုး၏။
38. သို့သော် ဘုရားသခင်သည် အလိုတော်ရှိသည့်အတိုင်း ထိုအစေ့အား ကိုယ်ထည်ကိုပေးတော်မူ၍ အစေ့တစ်စေ့စီအား မိမိအမျိုးအစားအလိုက် ကိုယ်ထည်ကိုပေးတော်မူ၏။
39. အသားအားလုံးသည် တစ်မျိုးတည်းမဟုတ်။ လူတို့၏အသားသည် တစ်မျိုး၊ တိရစ္ဆာန်တို့၏အသားသည်လည်း တစ်မျိုး၊ ကျေးငှက်တို့၏အသားသည်လည်း တစ်မျိုး၊ ငါးတို့၏အသားသည်လည်း တစ်မျိုးဖြစ်၏။
40. ကောင်းကင်ကိုယ်ခန္ဓာများရှိ၍ မြေကြီးကိုယ်ခန္ဓာများလည်းရှိ၏။ သို့သော် ကောင်းကင်ကိုယ်ခန္ဓာ၏ဘုန်းအသရေသည် တစ်မျိုးဖြစ်၍ မြေကြီးကိုယ်ခန္ဓာ၏ဘုန်းအသရေသည်လည်း တစ်မျိုးဖြစ်၏။
41. နေ၏ဘုန်းအသရေသည် တစ်မျိုး၊ လ၏ဘုန်းအသရေသည်လည်း တစ်မျိုး၊ ကြယ်များ၏ဘုန်းအသရေသည်လည်း တစ်မျိုးဖြစ်၏။ ကြယ်တစ်လုံးချင်း၏ဘုန်းအသရေသည်လည်း ခြားနားကြ၏။
42. သေလွန်သောသူတို့၏ရှင်ပြန်ထမြောက်ခြင်းသည်လည်း ထိုနည်းတူဖြစ်၏။ ဖောက်ပြန်ပျက်စီးတတ်သောအရာအဖြစ် စိုက်ပျိုးခြင်းခံရ၍ ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းသောအရာအဖြစ် ထမြောက်စေခြင်းကိုခံရ၏။
43. အသရေမရှိသောအရာအဖြစ် စိုက်ပျိုးခြင်းခံရ၍ ဘုန်းအသရေနှင့်ပြည့်စုံသောအရာအဖြစ် ထမြောက်စေခြင်းကိုခံရ၏။ အားနည်းသောအရာအဖြစ် စိုက်ပျိုးခြင်းခံရ၍ ခွန်အားနှင့်ပြည့်စုံသောအရာအဖြစ် ထမြောက်စေခြင်းကိုခံရ၏။
44. ဇာတိကိုယ်ခန္ဓာအဖြစ် စိုက်ပျိုးခြင်းခံရ၍ ဝိညာဉ်ကိုယ်ခန္ဓာအဖြစ် ထမြောက်စေခြင်းကိုခံရ၏။ ဇာတိကိုယ်ခန္ဓာရှိလျှင် ဝိညာဉ်ကိုယ်ခန္ဓာလည်းရှိ၏။