3. အကြောင်းမူကား ငါကိုယ်တိုင်ခံယူရရှိသည့် အဓိကအကျဆုံးသောအရာကို သင်တို့အား ငါပေးအပ်ခဲ့၏။ ၎င်းမှာ ကျမ်းစာနှင့်အညီ ခရစ်တော်သည် ငါတို့၏အပြစ်များအတွက် အသေခံတော်မူခဲ့ကြောင်း၊
4. ထို့နောက် သင်္ဂြိုဟ်ခြင်းကိုခံတော်မူပြီး ကျမ်းစာနှင့်အညီ သုံးရက်မြောက်သောနေ့၌ ထမြောက်တော်မူခဲ့ကြောင်းနှင့်
5. ကေဖထံ ထင်ရှားပြတော်မူပြီးနောက် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ထံ ထင်ရှားပြတော်မူခဲ့ကြောင်းတို့ဖြစ်၏။
6. ထို့နောက် ကိုယ်တော်သည် ညီအစ်ကိုငါးရာကျော်တို့ထံ တစ်ပြိုင်တည်းမှာပင် ထင်ရှားပြတော်မူ၏။ ထိုသူတို့ထဲမှ အချို့တို့သည် အိပ်ပျော်ကြပြီဖြစ်သော်လည်း အများစုတို့သည် ယခုတိုင်အောင် အသက်ရှင်လျက်ရှိသေး၏။
7. ထို့နောက် ကိုယ်တော်သည် ယာကုပ်ထံ ထင်ရှားပြတော်မူပြီး တမန်တော်အားလုံးတို့ထံ ထင်ရှားပြတော်မူ၏။
8. နောက်ဆုံးတွင် အချိန်မတော်မတန်မွေးလာသောသူနှင့်တူသည့် ငါ့ထံလည်း ထင်ရှားပြတော်မူ၏။
9. အမှန်စင်စစ် ငါသည် ဘုရားသခင်၏အသင်းတော်ကို ညှဉ်းဆဲခဲ့သောကြောင့် တမန်တော်များထဲတွင် အသေးသိမ်ဆုံးသောသူဖြစ်ပြီး တမန်တော်ဟုခေါ်ဝေါ်ခြင်းကိုပင် မခံထိုက်ပေ။
10. သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ယခု ငါဖြစ်သည့်အတိုင်း ငါဖြစ်၏။ ငါ့အပေါ်သက်ရောက်သော ကိုယ်တော်၏ကျေးဇူးတော်သည်လည်း အချည်းနှီးမဖြစ်သည်သာမက ငါသည် သူတို့အားလုံးထက် သာ၍ကြိုးစားလုပ်ဆောင်ခဲ့၏။ ထိုသို့ဆိုသော် ငါကမဟုတ်ဘဲ ငါနှင့်အတူရှိသော ဘုရားသခင်၏ကျေးဇူးတော်ကသာ လုပ်ဆောင်တော်မူခြင်းဖြစ်၏။
11. ထို့ကြောင့် ငါဖြစ်စေ၊ ထိုသူတို့ဖြစ်စေ ထိုသို့ဟောပြောကြ၏။ သင်တို့သည်လည်း ထိုသို့ယုံကြည်ကြ၏။
12. ခရစ်တော်သည် သေသောသူတို့ထဲမှ ထမြောက်တော်မူပြီဟု ဟောပြောနေကြသည်မှန်လျှင် သင်တို့ထဲမှ အချို့တို့က သေလွန်သောသူတို့၏ရှင်ပြန်ထမြောက်ခြင်းမရှိဟု အဘယ်ကြောင့်ပြောဆိုကြသနည်း။