23. သို့သော် တစ်ဦးစီ၌ မိမိအလှည့်ရှိ၍ ခရစ်တော်သည် အသီးဦးဖြစ်တော်မူ၏။ ထို့နောက် ခရစ်တော်နှင့်ဆိုင်သောသူတို့သည် ကိုယ်တော်ကြွလာတော်မူသောအခါ ထမြောက်ကြလိမ့်မည်။
24. ထို့နောက် အဆုံးသည်ရောက်လာလိမ့်မည်။ ထိုအခါ ကိုယ်တော်သည် အုပ်ချုပ်မှုရှိသမျှ၊ တန်ခိုးနှင့်အာဏာစက်ရှိသမျှတို့ကိုဖျက်ဆီး၍ နိုင်ငံတော်ကို ခမည်းတော်ဘုရားသခင်ထံသို့ အပ်နှံတော်မူလိမ့်မည်။
25. အကြောင်းမူကား ရန်သူအပေါင်းတို့ကို ကိုယ်တော်၏ခြေဖဝါးအောက်၌ချထားသည်အထိ ကိုယ်တော်သည်အုပ်စိုးရမည်ဖြစ်၏။
26. ဖျက်ဆီးခြင်းခံရမည့် နောက်ဆုံးရန်သူမှာ သေခြင်းဖြစ်၏။
27. အကြောင်းမူကား “ဘုရားသခင်သည် အရာခပ်သိမ်းတို့ကို ကိုယ်တော်၏ခြေဖဝါးအောက်၌ချထား၍ နာခံစေတော်မူ၏။” အရာခပ်သိမ်းတို့ကို နာခံစေတော်မူ၏ဟု ဆိုရာတွင် အရာခပ်သိမ်းတို့ကို ကိုယ်တော်အား နာခံစေတော်မူသောအရှင်သည် ထိုအရာများထဲ၌မပါကြောင်း ထင်ရှား၏။
28. အရာခပ်သိမ်းတို့ကို ကိုယ်တော်အား နာခံစေတော်မူသောအခါ သားတော်ကိုယ်တိုင်သည်လည်း အရာခပ်သိမ်းတို့ကို မိမိအားနာခံစေတော်မူသောအရှင်ကို နာခံတော်မူလိမ့်မည်။ ဤသည်ကား ဘုရားသခင်သည် အလုံးစုံတို့၌ အလုံးစုံဖြစ်တော်မူမည့်အကြောင်းတည်း။
29. သို့ဖြစ်လျှင် သေလွန်သောသူတို့၏ကိုယ်စား ဗတ္တိဇံခံသောသူတို့သည် အဘယ်ကြောင့် ထိုသို့ပြုရကြသနည်း။ သေလွန်သောသူတို့သည် ထမြောက်ခြင်းအလျှင်းမရှိလျှင် အဘယ်ကြောင့် သူတို့ကိုယ်စား ဗတ္တိဇံခံစရာရှိသနည်း။
30. ငါတို့သည်လည်း အဘယ်ကြောင့် အန္တရာယ်နှင့် အစဉ်အမြဲရင်ဆိုင်နေရသနည်း။
31. ညီအစ်ကိုတို့၊ ငါတို့သခင်ခရစ်တော်ယေရှု၌ သင်တို့ကြောင့် ငါရရှိသောဝါကြွားဝမ်းမြောက်ခြင်းကိုတိုင်တည်၍ “ငါသည် နေ့တိုင်းသေနေရ၏”ဟု ငါဆို၏။
32. ငါသည် လူ့သဘောဖြင့် ဧဖက်မြို့၌ သားရဲတို့နှင့်တိုက်ခိုက်ခဲ့သည်ဆိုလျှင် ငါ့အတွက် မည်သည့်အကျိုးရှိမည်နည်း။ သေလွန်သောသူတို့သည် ထမြောက်ခြင်းမရှိလျှင် ငါတို့သည် မနက်ဖြန်သေရကြမည်ဖြစ်၍ စားလျက်သောက်လျက်နေကြကုန်စို့။