3. ပရောဖက်ပြုဟောပြောသောသူမူကား တည်ဆောက်မြှင့်တင်ပေးခြင်း၊ တိုက်တွန်းအားပေးခြင်းနှင့် နှစ်သိမ့်ခြင်းတို့အတွက် လူတို့အားဟောပြော၏။
4. အခြားသောဘာသာစကားပြောဆိုသောသူသည် မိမိကိုသာတည်ဆောက်မြှင့်တင်၏။ ပရောဖက်ပြုဟောပြောသောသူမူကား အသင်းတော်ကို တည်ဆောက်မြှင့်တင်ပေး၏။
5. သင်တို့အားလုံးသည် အခြားသောဘာသာစကားများပြောဆိုနိုင်ရန် ငါအလိုရှိ၏။ သို့သော် ပရောဖက်ပြုဟောပြောခြင်းအမှုကို သင်တို့အား ပို၍ပြုစေလို၏။ အခြားသောဘာသာစကားပြောဆိုသောသူသည် အသင်းတော်ကို တည်ဆောက်မြှင့်တင်ပေးရန် ၎င်း၏အနက်ကိုဖွင့်ခြင်းမရှိလျှင် ထိုသူထက် ပရောဖက်ပြုဟောပြောသောသူသည် ပို၍ကြီးမြတ်၏။
6. သို့ဖြစ်၍ ညီအစ်ကိုတို့၊ ငါသည် သင်တို့ထံလာ၍ အခြားသောဘာသာစကားများပြောဆိုသော်လည်း ဗျာဒိတ်တော်အားဖြင့်ဖြစ်စေ၊ အသိပညာအားဖြင့်ဖြစ်စေ၊ ပရောဖက်ပြုဟောပြောခြင်းအားဖြင့်ဖြစ်စေ၊ သွန်သင်သည့်စကားအားဖြင့်ဖြစ်စေ မဟောပြောလျှင် သင်တို့အတွက် မည်သည့်အကျိုးရှိမည်နည်း။
7. ပလွေ သို့မဟုတ် စောင်းကဲ့သို့သော သက်မဲ့တူရိယာများပင်လျှင် ပီပြင်ပြတ်သားသောသံစဉ်မထွက်လျှင် မည်သည့်အရာကို မှုတ်နေသည်ကိုလည်းကောင်း၊ မည်သည့်အရာကို တီးနေသည်ကိုလည်းကောင်း မည်သို့သိနိုင်မည်နည်း။
8. တံပိုးခရာသည်လည်း မသေချာသောအသံကိုပေးလျှင် မည်သူသည် တိုက်ပွဲအတွက် ပြင်ဆင်လိမ့်မည်နည်း။
9. ထိုနည်းတူ သင်တို့သည်လည်း နားမလည်နိုင်သောသတင်းစကားကို အခြားသောဘာသာစကားဖြင့် ပြောဆိုလျှင် ပြောဆိုသောအရာများကို မည်သို့သိနိုင်မည်နည်း။ သင်တို့သည် လေကိုစကားပြောနေခြင်းသာ ဖြစ်လိမ့်မည်။
10. ကမ္ဘာပေါ်တွင် ဘာသာစကားအမျိုးအစား များစွာရှိသည်မှန်သော်လည်း အဓိပ္ပာယ်မဲ့သောစကားတစ်ခုမျှမရှိ။
11. ထို့ကြောင့် ဘာသာစကား၏အနက်အဓိပ္ပာယ်ကို ငါနားမလည်လျှင် ထိုစကားကိုပြောဆိုနေသူအတွက် ငါသည် တိုင်းတစ်ပါးသားဖြစ်သကဲ့သို့ ပြောဆိုနေသောထိုသူသည်လည်း ငါ့အတွက် တိုင်းတစ်ပါးသားဖြစ်လိမ့်မည်။
12. သို့ဖြစ်၍ သင်တို့သည်လည်း ဝိညာဉ်ဆုကျေးဇူးများကိုရရှိရန် စိတ်အားထက်သန်လျက်ရှိကြသည်ဖြစ်၍ အသင်းတော်ကို တည်ဆောက်မြှင့်တင်ပေးခြင်းအတွက် ထိုဆုကျေးဇူးဖြင့် ကြွယ်ဝပြည့်စုံမည့်အကြောင်း ကြိုးစားအားထုတ်ကြလော့။