21. ပညတ်တရားကျမ်း၌ “ငါသည် ဤလူမျိုးတို့အား ထူးခြားသောဘာသာစကားနှင့် တိုင်းတစ်ပါးသားများ၏နှုတ်တို့ဖြင့် ပြောဆိုမည်။ သို့သော် သူတို့သည် နားထောင်ကြလိမ့်မည်မဟုတ်ဟု ထာဝရဘုရားမိန့်တော်မူ၏”ဟူ၍ ရေးထား၏။
22. သို့ဖြစ်၍ အခြားသောဘာသာစကားတို့သည် ယုံကြည်သူတို့အတွက် နိမိတ်လက္ခဏာမဟုတ်ဘဲ မယုံကြည်သူတို့အတွက် နိမိတ်လက္ခဏာဖြစ်၏။ ပရောဖက်ပြုဟောပြောခြင်းမူကား မယုံကြည်သူတို့အတွက် နိမိတ်လက္ခဏာမဟုတ်ဘဲ ယုံကြည်သူတို့အတွက် နိမိတ်လက္ခဏာဖြစ်၏။
23. ထို့ကြောင့် အသင်းတော်တစ်ခုလုံးစုဝေးလျက် အားလုံးသည် အခြားသောဘာသာစကားများပြောဆိုကြစဉ် ကျွမ်းဝင်မှုမရှိသေးသောသူများ သို့မဟုတ် မယုံကြည်သူများ ဝင်လာလျှင် သင်တို့ရူးသွပ်နေပြီဟု ပြောကြလိမ့်မည် မဟုတ်လော။
24. သို့သော် အားလုံးသည် ပရောဖက်ပြုဟောပြောကြစဉ် မယုံကြည်သူ သို့မဟုတ် ကျွမ်းဝင်မှုမရှိသေးသောသူ တစ်စုံတစ်ဦးဝင်လာလျှင် သူသည် သင်တို့အားလုံးကြောင့် အပြစ်ဖော်ပြခြင်းကိုခံရ၍ သင်တို့အားလုံး၏စစ်ဆေးစီရင်ခြင်းကိုခံရကာ
25. သူ၏စိတ်နှလုံးထဲမှ ကွယ်ဝှက်ထားသောအရာတို့သည် ထင်ရှားလာသဖြင့် “ဘုရားသခင်သည် သင်တို့အလယ်၌ အမှန်ရှိတော်မူ၏”ဟု ဝန်ခံလျက် ဘုရားသခင်ကို ပျပ်ဝပ်ရှိခိုးလိမ့်မည်။
26. သို့ဖြစ်လျှင် ညီအစ်ကိုတို့၊ မည်သို့ဆိုရမည်နည်း။ သင်တို့သည် စည်းဝေးကြသောအခါ ဆာလံသီချင်းဆိုသောသူ၊ သွန်သင်ပေးသောသူ၊ ဗျာဒိတ်တော်ဟောပြောသောသူ၊ အခြားသောဘာသာစကားပြောဆိုသောသူနှင့် ထိုဘာသာစကား၏အနက်ကိုဖွင့်သောသူ အသီးသီးရှိကြ၏။ ခပ်သိမ်းသောအမှုတို့ကို တည်ဆောက်မြှင့်တင်ပေးခြင်းအတွက် ပြုကြလော့။
27. အခြားသောဘာသာစကားပြောဆိုသောသူရှိလျှင် နှစ်ဦး သို့မဟုတ် အများဆုံးသုံးဦးက တစ်လှည့်စီပြော၍ တစ်ဦးက အနက်ဖွင့်စေ။
28. သို့သော် အနက်ဖွင့်သူမရှိလျှင် သူသည် အသင်းတော်၌ တိတ်ဆိတ်စွာနေ၍ မိမိကိုယ်ကိုလည်းကောင်း၊ ဘုရားသခင်ကိုလည်းကောင်း ပြောစေ။
29. ပရောဖက်နှစ်ဦး သို့မဟုတ် သုံးဦးတို့သည် ဟောပြော၍ အခြားသောသူတို့သည် ဆင်ခြင်သုံးသပ်ကြစေ။
30. သို့သော် ထိုင်နေသောအခြားသူအား တစ်စုံတစ်ခုကိုဖွင့်ပြတော်မူလျှင် ပထမလူသည် တိတ်ဆိတ်စွာနေစေ။
31. အကြောင်းမူကား လူတိုင်းသွန်သင်ခြင်းခံရ၍ လူတိုင်းတိုက်တွန်းနှိုးဆော်ခြင်းခံရမည့်အကြောင်း သင်တို့အားလုံးသည် တစ်ဦးပြီးတစ်ဦး ပရောဖက်ပြုဟောပြောနိုင်၏။