13. ထို့ကြောင့် အခြားသောဘာသာစကားပြောဆိုသောသူသည် အနက်ဖွင့်နိုင်မည့်အကြောင်း ဆုတောင်းစေ။
14. အကြောင်းမူကား အခြားသောဘာသာစကားအားဖြင့် ငါဆုတောင်းလျှင် ငါ၏စိတ်ဝိညာဉ်သည် ဆုတောင်းသော်လည်း ငါ၏အသိစိတ်မူကား အကျိုးမပေး။
15. သို့ဖြစ်လျှင် မည်သို့ဆိုရမည်နည်း။ ငါသည် စိတ်ဝိညာဉ်အားဖြင့် ဆုတောင်း၍ အသိစိတ်အားဖြင့်လည်း ဆုတောင်းမည်။ စိတ်ဝိညာဉ်အားဖြင့် သီချင်းဆို၍ အသိစိတ်အားဖြင့်လည်း သီချင်းဆိုမည်။
16. သို့မဟုတ်လျှင် သင်သည် စိတ်ဝိညာဉ်အားဖြင့် ကျေးဇူးတော်ချီးမွမ်းသောအခါ ကျွမ်းဝင်မှုမရှိသေးသော အုပ်စုအဝင်ဖြစ်သောသူသည် သင်ပြောနေသည့်စကားကို နားမလည်သောကြောင့် သင်၏ကျေးဇူးတော်ချီးမွမ်းခြင်းအတွက် ‘အာမင်’ဟု မည်သို့ပြောနိုင်မည်နည်း။
17. သင်သည် ကျေးဇူးတော်ကိုချီးမွမ်းသည်မှာ ကောင်းပေ၏။ သို့သော် သူတစ်ပါးကို တည်ဆောက်မြှင့်တင်ပေးခြင်းမရှိ။
18. ငါသည် သင်တို့အားလုံးထက် အခြားသောဘာသာစကားများကို ပို၍ပြောဆိုရသည့်အတွက် ဘုရားသခင်ကိုကျေးဇူးတင်၏။
19. သို့သော် အသင်းတော်ထဲ၌ အခြားသောဘာသာစကားဖြင့် စကားအခွန်းတစ်သောင်းပြောခြင်းထက် သူတစ်ပါးတို့ကို သွန်သင်နိုင်ရန် ငါ၏အသိစိတ်ဖြင့် စကားငါးခွန်းပြောခြင်းကို သာ၍ ငါအလိုရှိ၏။
20. ညီအစ်ကိုတို့၊ စဉ်းစားဆင်ခြင်မှုနှင့်ပတ်သက်၍ ကလေးသူငယ်များမဖြစ်ကြနှင့်။ မကောင်းမှုနှင့်ပတ်သက်၍ ကလေးသူငယ်များကဲ့သို့ဖြစ်ကြလျက် စဉ်းစားဆင်ခြင်မှုနှင့်ပတ်သက်၍ စုံလင်ရင့်ကျက်သောသူများဖြစ်ကြလော့။
21. ပညတ်တရားကျမ်း၌ “ငါသည် ဤလူမျိုးတို့အား ထူးခြားသောဘာသာစကားနှင့် တိုင်းတစ်ပါးသားများ၏နှုတ်တို့ဖြင့် ပြောဆိုမည်။ သို့သော် သူတို့သည် နားထောင်ကြလိမ့်မည်မဟုတ်ဟု ထာဝရဘုရားမိန့်တော်မူ၏”ဟူ၍ ရေးထား၏။
22. သို့ဖြစ်၍ အခြားသောဘာသာစကားတို့သည် ယုံကြည်သူတို့အတွက် နိမိတ်လက္ခဏာမဟုတ်ဘဲ မယုံကြည်သူတို့အတွက် နိမိတ်လက္ခဏာဖြစ်၏။ ပရောဖက်ပြုဟောပြောခြင်းမူကား မယုံကြည်သူတို့အတွက် နိမိတ်လက္ခဏာမဟုတ်ဘဲ ယုံကြည်သူတို့အတွက် နိမိတ်လက္ခဏာဖြစ်၏။
23. ထို့ကြောင့် အသင်းတော်တစ်ခုလုံးစုဝေးလျက် အားလုံးသည် အခြားသောဘာသာစကားများပြောဆိုကြစဉ် ကျွမ်းဝင်မှုမရှိသေးသောသူများ သို့မဟုတ် မယုံကြည်သူများ ဝင်လာလျှင် သင်တို့ရူးသွပ်နေပြီဟု ပြောကြလိမ့်မည် မဟုတ်လော။
24. သို့သော် အားလုံးသည် ပရောဖက်ပြုဟောပြောကြစဉ် မယုံကြည်သူ သို့မဟုတ် ကျွမ်းဝင်မှုမရှိသေးသောသူ တစ်စုံတစ်ဦးဝင်လာလျှင် သူသည် သင်တို့အားလုံးကြောင့် အပြစ်ဖော်ပြခြင်းကိုခံရ၍ သင်တို့အားလုံး၏စစ်ဆေးစီရင်ခြင်းကိုခံရကာ
25. သူ၏စိတ်နှလုံးထဲမှ ကွယ်ဝှက်ထားသောအရာတို့သည် ထင်ရှားလာသဖြင့် “ဘုရားသခင်သည် သင်တို့အလယ်၌ အမှန်ရှိတော်မူ၏”ဟု ဝန်ခံလျက် ဘုရားသခင်ကို ပျပ်ဝပ်ရှိခိုးလိမ့်မည်။
26. သို့ဖြစ်လျှင် ညီအစ်ကိုတို့၊ မည်သို့ဆိုရမည်နည်း။ သင်တို့သည် စည်းဝေးကြသောအခါ ဆာလံသီချင်းဆိုသောသူ၊ သွန်သင်ပေးသောသူ၊ ဗျာဒိတ်တော်ဟောပြောသောသူ၊ အခြားသောဘာသာစကားပြောဆိုသောသူနှင့် ထိုဘာသာစကား၏အနက်ကိုဖွင့်သောသူ အသီးသီးရှိကြ၏။ ခပ်သိမ်းသောအမှုတို့ကို တည်ဆောက်မြှင့်တင်ပေးခြင်းအတွက် ပြုကြလော့။